
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ညှိနှိုင်းအစည်းအဝေးကို ဝါးတန်းကုန်စည်ဒိုင်၌ ၂၁.၁၁.၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဌနှင့် ကော်မတီဝင်များ၊ ရွှေဘိုလိုင်း၊ ဖျာပုံလိုင်း၊ ဒေးဒရဲလိုင်း၊ လပွတ္တာလိုင်း၊ မော်ကျွန်းလိုင်း၊ မြောင်းမြလိုင်း၊ ဘိုကလေးလိုင်းတို့မှ ဆန်အကျိုးဆောင်များနှင့် မော်တင်ကမ်းနားသိုလှောင်ရုံ တာဝန်ခံများ စုစုပေါင်း ၉၄ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဌ ဦးအောင်မြင့်က ရွှေဘိုဆန်ဈေးနှုန်း မမြင့်တက်စေရးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ မကြာခဏကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီပေါ်ဆန်းဆန်ဈေးနှုန်းများကိုလည်း ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းအနေဖြင့် စားသုံးသူပြည်သူများထံသို့ ဆန်များတိုက်ရိုက်ရောင်းချမည့် အစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆန်ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က မိမိတို့ဌာနအနေဖြင့် ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ပူးပေါင်းဆောာင်ရွက်လျက်ရှိပါကြောင်း၊ ဆန်သည် အရေးကြီးကုန်စည်တွင်ပါဝင်သည့်အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် ဆန်များဈေးကွက်အတွင်းသို့ရောက်ရှိစေရေး ဖြန့်ဖြူးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်ဥက္ကဌ ဦးကျော်ကိုဆန်းတို့က ဆက်လက်ဆွေးနွေးပြောကြားခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
