
ငါန်းဇွန်မြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့ တစ်မြို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ ကိုလည်း သီးညှပ်စိုက်ပျိုးကြကြောင်း သိရသည်။ ချဉ်ပေါင်ပင်၊ ပဲပင်၊ နံနံပင်၊ ပြောင်းဖူးပင်၊ ပဲသီးပင် စသည်ဖြင့် မြေပဲခင်း၊ ဝါခင်း၊ ပဲစဉ်းငုံခင်းများတွင် သီးညှပ်စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံခင်း၊ ဝါခင်းများတွင် သီးညှပ်စိုက်ပျိုးထားသော ဒေသပဲသီး(ခေါ်) ဝါခင်းပဲသီးများ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်ကြောင်း၊ ဒေသပဲသီးကို ပြုတ်၍ ဆီချက်၊ ပဲမှုန့်နှင့် မြေပဲဆံတို့ဖြင့် သုပ်စားခြင်း ဖြင့်လည်းကောင်း၊ ပဲသီးနုနုလေးများကို ထမင်းရည်၊ဆားနှင့် အချဉ်တည်၍ လည်းကောင်း၊ အချဉ်ရည်ဟင်း၊ ပဲသီးရည်ကျိုဟင်း ချက်စားခြင်းဖြင့် လည်းကောင်း၊ အသားဖြင့် ကြော်ချက်၍ လည်းကောင်း စားသုံးကြကြောင်း သိရသည်။ မိမိတို့ ခင်းမှထွက်ရှိသော ပဲသီးများကို ကျေးရွာတွင်း လိုက်လံရောင်းချခြင်းရှိသလို မြို့သာဈေးနှင့် ငါန်းဇွန်ဈေးများသို့လည်း ဖောက်သည်ပေးရောင်း ချကြောင်း၊ ပဲသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဖြင့် ရောင်းချရပါကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
DOCA(မန္တလေး)
