
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင် ပဲကျားသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ မြစ်သားမြို့နယ်တွင် ပဲကျား စိုက်ဧက (၃၃၁)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ၄င်းသီးနှံကို အောက်တိုဘာ လဆန်းမှစတင်၍ စတင်စိုက်ပျိုးလျက်ရှိရာ အများဆုံးစိုက်ပျိုးသောရွာများမှာ ရိုးကန်၊ ရစ်ကန်၊ ကျားတွင်းရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၄)လ အကြာတွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ ပဲကျား စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကျားသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ယခုလက်ရှိ ပဲကျား ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၁၀၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲကျား သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)
