
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း စစ်ဆေးရမည့် ဆပ်ပြာခဲအမျိုးမျိုးတို့အား ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချသော နွေးနွေး အလှကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး၊ ဒေါ်ငြိမ်းငြိမ်းသူ အလှကုန်နှင့်ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာ ကုန်စုံဆိုင်တို့မှ NUVO (ပိုးမွှားကင်းစင်ရေချိုးဆပ်ပြာခဲ)၊ DOMI (ကြည်လင်အေးမြ ပြင်သစ်မွှေးရနံ့ဆပ်ပြာ)၊ Family Care (မိသားစုဆပ်ပြာ)၊ PARIS (ဆပ်ပြာမွှေး)၊ Life Plus (ဆပ်ပြာမွှေး)တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် နေ့စဉ်သုံးစွဲနေရသော ဆပ်ပြာခဲအမျိုးမျိုးတို့အား ရောင်းချရာတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
