
ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၇၅၀၀)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရ သိရှိပါသည် ။ ယခုအခါ ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီကာလအတွင်း ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများ ဖြစ်ပါသည်။စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၃၀)ကျော်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက် ရှိခဲ့ ကြောင်း၊ ယခင်နှစ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုး အမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် (၁) ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ ကြက်သွန်နီ(မိုး) အကြီး (၁)ပိဿာလျှင်(၃၀၀၀)ကျပ် ၊ အလတ် (၁)ပိဿာလျှင်(၂၅၀၀)ကျပ် ၊ အသေး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဆောင်းကြက်သွန်နီ ပေါ်ချိန်တွင် ရောင်းဝယ်မှု အနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ကြက်သွန်နီထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
