
နွားထိုးကြီးမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံ တစ်မျိုးဖြစ်သည့် ဆီနေကြာ(မိုး)သီးနှံစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ရွာကြီးကျေးရွာ၊ ကြာပင် အိုင်ရွာ၊ ကနားရွာ၊ ဝက်လူးရွာ၊ ပြင်စည်ရွာ၊ လုံးတောရွာနှင့် လက်ပံကျေးရွာများ၌ ဆီနေကြာများကို တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ဆီနေကြာသီးနှံကို မေလ၊ ဇွန်လနှင့် ဩဂုတ်လတို့တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးထားရှိမှု ဧက (၂၉၇၀) ဧက စိုက်ပျိုးထားရှိမှုတွင် ရိတ်သိမ်း (၅၇၀)ဧကရိတ်သိမ်းထားရှိပြီး၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၉-၂၀)တင်းခန့်ထွက်ရှိကြောင်း၊ ကျန်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ ဆီနေကြာသီးနှံကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုး ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၆၅၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် နေကြာတစ်တင်း လျှင်(၆၀,၀၀၀)ကျပ်ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၅၅၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများ အနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ နွားထိုးကြီးမြို့နယ်၌ ဆီနေကြာကို စီးပွားဖြစ်ကြိတ်ခွဲထုတ်လုပ်ခြင်း မရှိကြောင်း၊ ကျေးရွာများမှ စားသုံးရန်အတွက် သာကြိတ်ခွဲကြောင်း၊ ဆီကြိတ်ခွဲပါက နေကြာ တစ်တင်းလျှင် ဆီ(၃-၄)ပိဿာ ခန့်ထွက်ရှိကြောင်း ၊ ဒေသတွင်းနေကြာဆီပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ခန့် ပေါက်ဈေးများ ရှိကြောင်း၊ နွားထိုးကြီးမြို့နယ် များမှထွက်ရှိသော ဆီနေကြာသီးနှံများကို မြင်းခြံမြို့ရှိပွဲရုံများ၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်များလည်းရရှိကြောင်း ရွာကြီးကျေးရွာရှိ မိုးနေကြာစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
