
တောင်သာမြို့နယ်အတွင်းရှိ ကျောက်ဖူးကျေးရွာ၊ ဝဲလောင်ရွာ၊ ဆည်ကုန်းကျေးရွာ၊ ဇဂျမ်း ကျေးရွာ၊ ရသစ်ကျေးရွာနှင့် မင်းစုကျေးရွာများ၌ ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းကြွပ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း၊ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းကြွပ်သီးစိုက်ပျိုး မည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုး နည်းဟူ၍ (၂)မျိုးစိုက်ပျိုးကြောင်း၊ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသား အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၂)လ အကျော်တွင် အသီးများစတင် ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ် အထွက် နှုန်း ပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေ ဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ် အနေဖြင့် (၈၇၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ လက်လီဈေး အနေဖြင့် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ခရမ်းကြွပ်သီးကို ကုန်သည်များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး တောင်သာ မြို့ရှိဘုရားကြီးဈေး၊ မြို့မဈေးနှင့် မင်္ဂလာရွှေတောင်ကြီးဈေးသစ်များသို့ တောင်သူများ ကိုယ်တိုင် ရောင်းချကြသလို၊ ဈေးကွက်အနေဖြင့် မြင်းခြံမြို့နှင့် မိတ္ထီလာမြို့များသို့လည်းတင်ပို့ ရောင်းချကြောင်း၊ အချိန်တိုအတွင်း စီးပွားဖြစ်ဝင် ငွေရရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
