
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ဆီမီးခုံ၊ ရန္တပို၊ ဆင်ချောင်း၊ တလုပ်မြို့၊ သာပေါင်း၊ ခေါင်းကွဲ၊ ပတ္တာ၊ လေးအိမ်တန်း၊ ရှားတော၊ ဒေါင့်သစ်၊ လင့်ကြီး၊ သဲဖြူဝ၊ ထနောင်းကုန်း၊ထနောင်းတိုင် စသည့်ကျေးရွာအုပ်စုများအတွင်းရှိ ဧရာဝတီမြစ်ရေဝင်မြစ်ရိုး တစ် လျှောက် သဲနုန်းမြေအမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် ဖူးစားပြောင်း၊CPပြောင်း၊ငရုတ်၊ ပဲမျိုးစုံ နှင့် ကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ပျိုးကြသလို ဆေးရွက်ကြီးကိုလည်း အားထားစိုက်ပျိုးထားကြောင်း သိရသည်။ မြင်းခြံမြို့နယ်အနေဖြင့် ယခုနှစ်ဆေးရွက်ကြီးစိုက်ပျိုးရန် လျာထား(၁၅၈၅၅) ဧကတွင် စိုက်ပျိုးဧက (၁၅၈၅၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။ အောက်တိုဘာလဆန်း မှစတင် စိုက်ပျိုးပြီး နိုဝင်ဘာလအထိ စိုက်ပျိုးသွားကြောင်း၊ ဆေးရွက်ကြီးများသည် ဖေဖော်ဝါရီလ တတိယ ပတ်ခန့်မှစတင်၍ မတ်လအထိခူးဆွတ်ရိတ်သိမ်းမည် ဖြစ်ကြောင်း၊ ဆေးရွက်ကြီးသည်မျိုးစေ့ ကို ပျိုး ထောင်စိုက်ပျိုးရပြီး ပျိုးပင်များပျိုးထောင်ရောင်းချသည့် မြင်းခြံမြို့နယ်၊ ထနောင်းကုန်းရွာ၊ ထနောင်း တိုင်ရွာ၊ ဂေါင်းကွဲရွာ၊ တောင်သာမြို့နယ်၊ တမံကြီးကျေးရွာများထံမှ ပျိုးပင်တစ်ပင်လျှင် (၁၅)ကျပ် နှုန်းဖြင့် သွားရောက်ဝယ်ယူကာ စိုက်ပျိုးကြကြောင်း၊ ရေလိုအပ်ပါကရေသွင်းစိုက်ပျိုးကြပြီး တစ်ဧက လျှင် ဆေးရွက်ကြီးပျိုးပင် ၅၅၀၀ မှ ၆၀၀၀ ခန့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်တွင် ပျမ်းမျှ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပိဿာ(၇၀၀) ခန့် ထွက်ရှိကြောင်းနှင့် ဆေးရွက်ကြီး တစ်ပိဿာ လျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အခြားမြို့ များသို့ တင်ပို့ ရောင်းချခြင်းမရှိဘဲ မြင်းခြံမြို့ရှိ ဆေးလိပ်ခုံများသို့သာ ရောင်းချရပါကြောင်း၊ ယခုနှစ်တွင် ဆောင်း ရာသီနှင့် ဆောင်းအကုန်နွေအကူး လေကြီးမိုးကြီး ရာသီဥတုဖျက်ဆီးမှုမရှိပါက ယခင်နှစ်က ထက် ဆေးရွက်ကြီးဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း တောင်သူများအကျိုးအမြတ် ရရှိမည်ဟုမျှော်လင့်မိပါကြောင်း ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)
