
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များပေါများပြီး ၎င်းရေထွက်ကုန်များမှ ကင်းမွန်ကို ဒေသတွင်းဖြစ်စေ၊ အခြား၊ တိုင်းနှင့် ပြည်နယ်များသို့ဖြစ်စေ၊တစ်ခြားနိုင်ငံသို့ဖြစ်စေတင်ပို့ရောင်းချလျက်ရှိပါသည်။ ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သော မြိတ်မြို့တွင် ကင်းမွန်ကိုမီးထွန်းထားသော ကင်းမွန်ဖမ်းလှေများဖြင့် ဖမ်းယူကြ လေ့ရှိကြပြီး ၎င်းကင်းမွန်များကိုရေခဲရိုက်၍လည်းကောင်း အခြောက်လှန်း၍လည်းကောင်း ပြုလုပ်ကာ ပြည်တွင်း/ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြကြောင်း သိရှိရပါသည်။ ကင်းမွန်ခြောက် ပြုလုပ်ရာတွင် သဘာဝအလျောက်အနေဖြင့် အခြောက်လှန်းခြင်းနှင့် ပြုတ်၍အခြောက်ပြုလုပ်ခြင်း ဟူ၍ (၂)မျိူးရှိကြပြီး သဘာဝအနေဖြင့် အခြောက်ပြုလုပ်ထားသော ကင်းမွန်ခြောက်များ ဝယ်ယူသူ များပြားကြောင်းလည်း သိရှိရပါသည်။ ကင်းမွန်ခြောက်များထဲမှ ကင်းမွန်ခြောက်အငယ်များကို သနပ်နှင့် အကြော်အလှော်များတွင် ဈေးသက်သာသောကြောင့် သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကင်းမွန်ခွဲခြောက်ကြီး တစ်ပိဿာလျှင် (၁၈၅၀၀၀)ကျပ်နှင့် ကင်းမွန်ခွဲခြောက်အငယ်တစ်ပိဿာလျှင် (၁၆၅၀၀၀)ကျပ်၊ ကင်းမွန်လုံးခြောက် အကြီးတစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်နှင့် ကင်းမွန်လုံးခြောက်အငယ်တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ကင်းမွန်ပြုတ်ခြောက်အငယ်ဈေးနှုန်းများမှာ နို့စည်ဗူး တစ်ဗူးလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
