
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ စက်မှုဇုန်တွင် ဆီးခွဲစက်များ ပုံမှန်လည်ပတ် လျက်ရှိပါသည်။ လုပ်ငန်းရှင်မှ လက်ရှိအချိန်တွင် ဆီးခွဲစက်(၃)လုံးဖြင့်လည်ပတ်နေရကြောင်း၊ အမျိုးသားလုပ်သား များ ငှား၍မရဘဲ အမျိုးသမီးလုပ်သား(၆)ဦးနှင့်သာကြိတ်ခွဲလုပ်ကိုင်ကြောင်း၊ လုပ်အားခမှာ တစ်ရက်လျှင် ကျပ်(၈၀၀၀)ပေးရကြောင်း သိရှိရပါသည်။ ဆီးသီးအစိုများမဝယ်ဘဲ ဆီးသီးအခြောက်များကို မြို့ပေါ်ရှိ ပွဲရုံများမှဝယ်ယူကြောင်း၊ ယခင်နှစ်က တစ်တင်းလျှင် ကျပ် (၁၅၀၀၀)ဖြင့် ဝယ်ရကြောင်း၊ ယခုအချိန်သည် တောင်သူ လက်ဝယ်တွင်ရှိနေပြီး ဆီးသီး အခြောက် များ ဝယ်၍ မရသေးကြောင်း လုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။
ဆီးသီးအစို (၅)တင်းလှန်းလျှင် အခြောက်(၄)တင်းရရှိသည်ဟု တောင်သူများထံမှ သိရှိရကြောင်း၊ ဆီးဆံထုတ်လုပ်ရာတွင် ဆီးသီးခြောက်ကိုအသုံးပြု၍ ပထမဦးစွာ စက်ဖြင့် အခွံချွတ် ရကြောင်း၊ ထွက်ရှိ လာသော ခွဲသားများအား အစေ့နှင့်အခွံများကို သန့်စင်ခွဲခြားပြီး ရရှိလာသော ဆီးစေ့များကို စက်ဖြင့်ကြိတ်ခွဲရကြောင်း၊ အစေ့နှင့် ခွဲသားများကို ထပ်မံ၍ စက်ဖြင့် သန့်စင်ခွဲခြား ရကြောင်း၊ ပါလာသော အမှုန်အမွှားများကို ပြာတီးသန့်စင်ပြီး ကောင်းမွန်သန့်ရှင်းသော ဆီးဆံများ အား ထုတ်လုပ်ကြောင်း သိရှိရပါသည်။
ဆီးသီးခြောက် တစ်တင်းကြိတ်ခွဲလျှင် ဆီးဆံ(၂၅)ကျပ်သား ထွက်ရှိ၍ ယခင်နှစ်က ဆီးဆံ (၁)ပိဿာ လျှင် ကျပ်(၂၈၀၀၀-၃၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်မှုနည်းခဲ့ကြောင်း၊ ယခုနှစ်လာမည့် မတ်လကုန်အချိန်၌ တွင်ကျယ်စွာ ကြိတ်ခွဲ ရမည် ဖြစ်၍ ဆီးဆံဈေးနှုန်းမြင့်တက်ရန် မျှော်လင့်မိကြောင်း၊ ရရှိလာသော ဆီးဆံများကို မန္တလေး တရုတ်ကုန်သည် များထံသို့ တိုက်ရိုက်ရောင်းချကြောင်း ဆီးဆံ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)
