
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ကွမ်းရွက်ကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၆၀၀-၇၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ ၁ ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၂၅၀-၂၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်း မျိုးသန့်အပေါ်မူတည်၍ ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ် ရရှိနိုင်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧကလျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ဆောင်းရာသီတွင် ၁၅ ရက်ခြား တစ်ကြိမ်၊ နွေရာသီတွင် ၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၁၀-၁၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၆၀-၇၀ ခန့် ထွက်ရှိရာ ကွမ်းပင်များဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ဈေးနှုန်းဈေးကွက်အနေဖြင့်ဇန်နဝါရီလဒုတိယပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀-၃၀,၀၀၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ တစ်လလျှင် ၁၅ သိန်းကျော်ခန့် ဝင်ငွေရရှိကြောင်း၊ အအေးဓာတ်ဝင်လျှင် ကွမ်းအထွက်နှုန်း နည်းသွားသည့်အတွက် ဆောင်းတွင်းကာလများတွင် ဈေးနှုန်းတက်လာကြောင်း ကွမ်းစိုက်တောင်သူ များထံမှ သိရသည်။
DOCA(စစ်ကိုင်း)
