
အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၇ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးသန့်စင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင်နှင့် ဖိတ်ကြားထားသောအွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင် ၂၉ ဦးတို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အမိန့်ကြော်ညာစာများ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အမိန့်ကြော်ညာစာအမှတ် ၄၉/၂၀၂၃ ဖြင့်အပ်နှင်းခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ညာစာထုတ်ပြန်ပြီး ၆ လပြည့်သည့် နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးရေးအရာရှိများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာ ထုတ်ပြန်ထားသည့်အမိန့်ကြော်ညာစာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်ရရှိပြီးသူများ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
