
ကျောက်ဆည်ခရိုင်အတွင်း ယခုအချိန်တွင် ဆီးချဉ်သီး၊ ဆီးချိုသီးများ စတင်ထွက်ပေါ် လျက်ရှိပါသည်။ ဆီးချဉ်ပင်ကိုသီးသန့်စိုက်ပျိူးမှုမရှိပါ။ မိမိတို့ တောတောင်များတွင် အရိပ်ရရန်အတွက် ကန်သင်းရိုးများတွင် စိုက်ပျိုးကြပါသည်။ အများအားဖြင့် အညာဒေသတွင် ဆီးချဉ်ပင် များအလေ့ကျပေါက်ရောက်သော အပင်ဖြစ်ပြီး တောသူတောင်သားများမှ တောလယ်ထွက်ရင်း ဆီးချဉ်သီးများကိုကောက်၍ နေလှန်းအခြောက်ခံကာ မြို့ပေါ်တက်၍ ရောင်းချကြသဖြင့် မိသားစု အပိုဝင်ငွေရရှိကြပါသည်။ ဆီးချိုပင်ကို ခြံဖြင့်စီးပွားဖြစ်စိုက်ပျိုးကြပြီး စဥ့်ကိုင်မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ စဉ်ကိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထားသော ဆီးချိုပင်များမှာ အရည်အသွေးကောင်းသော အလုံးကြီးမျိုး၊ ထိုင်ဝမ်ဆီးချိုသီးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆီးချိုသီး/ ဆီးချဉ်သီးရောင်းချမှုတွင် ပြည်ချိန်ဖြင့် အများဆုံးရောင်းချကြကြောင်း၊ ဆီးချဉ်သီးမှာ အညာဒေသတွင် ဆီးပဲလှော်၊ ဆီးကြက်ဥ၊ ဝက်သက်ခေါက်ဆီးသီးဟူ၍ အမျိုးမျိုးပေါက်ရောက် ကြောင်း၊ ယခင်နှစ် ဆီးသီးခြောက် ဈေးနှုန်းအနေဖြင့် အခြောက်(၁)တင်း လျှင်(၁၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုပေါ်ဦးပေါ်စတွင် ဆီးချဉ်သီးအခြောက် (၁)တင်းလျှင် (၇၀၀၀/-)ကျပ်သာ ရောင်းချရကြောင်း၊ ယခင်နှစ်ထက် ပေါ်ဦးပေါ်စတွင် (၁)တင်းလျှင် (၃၀၀၀/-)ကျပ် လျော့နည်း ရောင်းချရကြောင်း၊ ဆီးသီးခြောက်ကို နီးစပ်ရာပွဲရုံများသို့ သွားရောက်ရောင်းချရကြောင်း၊ ဆီးချဉ်သီးအစိုကို အညာဒေသတွင် ဆီးသီးပေါင်းနှင့် ဆီးသီးငပိသုပ်အဖြစ် စားသုံးကြသလို ဆီးသီးခြောက်ကို ထန်းလျက်နှင့် ကျို၍ စားသုံးကြပါသည်။ ဆီးသီးခြောက်ကို ဆီးခွဲစက်များမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ ဆီးယိုစားသုံးခြင်းဖြင့် ရင်ကိုအေး၍ နှလုံးကိုငြိမ်စေကြောင်း၊ ဆီးသီးစားသုံးခြင်းဖြင့် ဗီတာမင်စီ ကြွယ်ဝစွာရရှိသောကြောင့် တစ်နှစ်တစ်ခါသာပေါ်သော ရာသီပေါ်ဆီးသီးများကို စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
