Main menu

တောင်တွင်းကြီးမြို့နယ်မှ မိသားစုတစ်နိုင်တစ်ပိုင် ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေကောင်း၍အဆင်ပြေလျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တရုတ်ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများအဆင်ပြေလျက်ရှိပါသည်။ ဇီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများမှာ ဇီးဖြူသီးပေါ်ချိန်ဖြစ်သော သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဇီးဖြူသီးအမှုန့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ တစ်နိုင်တစ်ပိုင် ဖြစ်သော်လည်း မိသားစုဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိပါသည်။ ဇီးဖြူသီးအမှုန့် ထုတ်လုပ်ရာမှာထမဆုံးအနေဖြင့် ဇီးဖြူသီးအလုံးများကိုအနု၊ အရင့်ရွေးပြီးမောင်းစင်ဖြင့် အမှုန့်ဖြစ်အောင် ထောင်းရပါသည်။ ထောင်းပြီးသားအမှုန့်များကို အရည်ညှစ်ရပါသည်။ ထို့နောက် အရည်ညှစ်ပြီးသား အမှုန့်များကို ကြာရှည်စွာစားသုံးနိုင်ရန်အတွက် ဆားဖြင့်ပက်ဖြန်းပြီးနေလှန်းကာ အမှုန့်များထဲတွင် ပါဝင်သောအစေ့ကွဲများကို ရွေးထုတ်ရပါသည်။ ထိုသို့အဆင့်ဆင့်ပြုလုပ်ပြီးမှ ဈေးကွက်သို့ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ကြောင်းသိရပါသည်။
ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ရာမှာ ကုန်ကြမ်းဖြစ်သော ဇီးဖြူသီးတစ်တင်းလျှင် ကျပ် (၇၀၀၀ မှ၁၀၀၀၀)အထိပေးဝယ်ရကြောင်း၊ မောင်းထောင်းခ အလုံးတစ်တင်းလျှင် ကျပ်(၂၅၀၀) အရည်ညှစ်ခ တစ်တင်းလျှင် ကျပ်(၅၀၀)၊ အစေ့ကွဲရွေးခ တစ်တင်းလျှင် ကျပ်(၅၀၀)ပေးငှားရကြောင်း၊ တစ်တင်း လျှင်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၃၅၀၀)ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့်တစ်တင်းလျှင် ကျပ် (၂၅၀၀၀)ဖြင့်ရောင်းရ၍ ကျပ်(၁၁၅၀၀) ရရှိပါကြောင်းနှင့် ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ အပြင် မကွေး၊ အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့သစ်၊ ကျောက်ပန်းတောင်း စသည့်မြို့နယ်များအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဇီးဖြူသီး အမှုန့်လုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ရီသန်းထံမှ သိရပါသည်။
ယခုကာလတွင် ကထိန်၊ အလှူပွဲများနှင့် မင်္ဂလာဆောင်ပွဲများတွင် ငရုတ်သီးကြော်၊ ဟင်းချိုနှင့် တွဲဖက်၍ဧည့်ခံကျွေးမွေးကြသဖြင့် ပိုမိုအရောင်းသွက်လျက်ရှိပြီး ဇီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိကြကြောင်းသိရှိရပါသည်။
DOCA(မကွေး)