
ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မတ်လ ၁၅ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ စုစုပေါင်း (၂၉၅) ဦးတက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယနေ့ကျင်းပပြုလုပ်သော စားသုံးသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်အကြောင်းကို အသိပညာပေးသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဖြစ်သည့် မင်္ဂလာရှိသော အခမ်းအနားဖြစ် ကြောင်း၊ ၂၀၁၆ ခုနစ်မှစတင်၍ နှစ်စဉ် မတ်လ (၁၅) ရက်နေ့၊ ကမ္ဘာ့စားသုံးသူများနေ့ အခမ်းအနားကို ကျင်းပလျက်ရှိရာ (၁၁) ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ အထိမ်းအမှတ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူ ဘဝ” ဖြစ်ကြောင်း ဘေးကင်းစိတ်ချရသော ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ လူသားတို့အတွက် ကျန်းမာရေးကောင်းမွန်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ရေးစပ်သီကုံးထားသော သီချင်းဖြင့် ဌာနမှ ဝန်ထမ်းသမီးပျိုလေးများမှ ကပြဖျော်ဖြေခြင်း၊ မမပုသိမ်သူတေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ video clip ပြသခြင်း၊ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် ပြခန်းများအား ဝန်ကြီးချုပ်မှ လှည့်လည်ကြည့်ရှု၍ တက်ရောက်လာသော ဧည့်သည်များမှ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း၊ တိုင်းဦးစီးမှူးနှင့် ဒုတိုင်းဦးစီးမှူးတို့က ဆုချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
