
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဒေသတွင် မြို့ပေါ်ခြံဝင်းကျယ်ရှိသည့်အိမ်များနှင့် ကျေးလက် တောရွာများတွင် မရမ်းပင်များ စိုက်ပျိုးသည်ကို တွေ့ရသည်။ မရမ်းပင်သည် မြေစေးဆန်သော နုံးမြေ နှင့် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် လက်မ ၅၀ မှ ၁၅၀ အတွင်းရှိသော ဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းပါသည်။ ထူထပ်သိပ်သည်းသော အရွက်များနှင့်ဝေဆာသဖြင့် အရိပ်အာဝါသကောင်းစွာ ရရှိစေပါသည်။ ဆယ့်နှစ်ရာသီ စိမ်းလန်းသော အပင်မျိုးဖြစ်ပြီး အမြင့်ပေ ၄၀အထိ ရှိပါသည်။ အသီးလည်းစားရ၊ အရိပ်လည်းရသဖြင့် နေအိမ်များတွင် စိုက်ပျိုးကြပါသည်။
မရမ်းပင်တွင် အချိုမျိုးနှင့် အချဉ်မျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အပင်သက်တမ်း ၇ နှစ်ခန့်တွင် အသီးစတင်သီးပါသည်။ အစိမ်းရောင်ဖျော့ဖျော့ရှိသော အသီးများသီးပြီး အရသာမှာ ချဉ်ပါသည်။ ခရမ်းရောင်အစေ့ရှိပါသည်။ မှည့်လာသောအခါ အစိမ်းရောင်ဖျော့ဖျော့မှ အရောင်ပြောင်းလာပြီး အရသာမှာလည်း အချဉ်ဓါတ်လျော့လာပါသည်။ အချဉ်ပင်၏ အမှည့်သီးမှာ လိမ္မော်ရင့်ရောင်ရှိပြီး အချိုပင်၏ အသီးထက်ကြီးပါသည်။ အချိုပင်၏အသီးမှာ အဝါရောင်ရှိပါသည်။ အပင်အသေးအကြီးပေါ် မူတည်၍ အသီးအလုံးရေ ၅၀၀၀ မှ ၃၀၀၀၀ အထိ သီးပါသည်။
မရမ်းသီးကို မရမ်းသီးသုပ်၊ မရမ်းသီးငါးပိကြော်၊ မရမ်းသီးငါးပိချက်၊ မျှင်ငါးပိနှင့် မရမ်းသီး ထောင်း၊ ငါးကြင်းဆီပြန်ကို မရမ်းသီးအုပ်၊ ငါးရံ့အူဆီပြန်ကို မရမ်းသီးအုပ်၊ ရေချိုပုစွန်အစပ်ချက်ကို မရမ်းသီးအုပ်၊ မရမ်းသီးနှင့် အာပြဲခြောက် ငရုတ်သီးထောင်း စသည်ဖြင့် မျိုးစုံချက်လို့ရပါသည်။ ထို့ပြင် မရမ်းသီးကို ယိုထိုး၍ သရေစာအဖြစ်လည်း စားသုံးကြပါသည်။
လူကြိုက်များသည့် မရမ်းသီးအသုပ်မှာ မရမ်းသီးအစိမ်း(သို့မဟုတ်) မရမ်းသီးအမှည့်ကို အညှာ ဖြတ်၊ အစေ့ထုတ်၊ ဆားကြမ်းနှင့်စိမ် ရေဆေးပြီးနောက် ပါးပါးလှီးကာ ပဲမုန့်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်၊ငံပြာရည်၊ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ပါးပါးလှီးထားသော ကြက်သွန်နီစိမ်း (သို့မဟုတ်) ကြက်သွန်နီကြော်တို့ဖြင့် သုပ်စားကြပါသည်။ မရမ်းသီးသုပ်ကို ပဲနီလေး ကြာဆန်အရည်သောက်၊ ဘူးညွှန့်ဟင်းခါးစသည့်တို့ဖြင့် တွဲဖက်၍ စားလေ့ရှိကြပါသည်။ ထို့ပြင်မရမ်းသီးမှည့်ကို ချိုချဉ်ငံစပ်လုပ်၍ သရေစာအဖြစ် စားသုံးကြပါသေးသည်။ မရမ်းသီးစိမ်းကို အခြောက်လှမ်းပြီး အသုပ်သုပ်ရာတွင် လည်းကောင်း၊ ဟင်းအနှစ်ချက်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
မရမ်းသီးကို တာရှည်အထားခံအောင် ကြော်၍ ရပါသည်။ မရမ်းသီးကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ကြော်ထားပါ။ ကြက်သွန်ဖြူကို နုပ်နုပ်စင်းထားပါ။ ပုဇွန်ခြောက်ကို ထောင်းထားပါ။ ထို့နောက်မီးဖိုပေါ်တွင် ဆီအိုးကို တည်လိုက်ပါ။ ဆီပူလာလျှင် ပါးပါးလှီးထားသော မရမ်းသီးများကို ထည့်၍ နွမ်းသည်အထိ ကြော်ပေးပါ။ မရမ်းသီးနွမ်းသွားလျှင် နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ ကြက်သွန်ဖြူ နွမ်းသွားလျှင် ကြက်သွန်နီကြော်၊ ပုဇွန်ခြောက်မှုန့်၊ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ အရသာမှုန့် ဆားတို့ကိုထည့်ပါ။ ထို့နောက် ရေအနည်းငယ်ထည့်၍ ပါဝင်ပစ္စည်းအားလုံး တသားတည်း ဖြစ်အောင်မွှေပေးပါ။ ရေကုန်လျှင် မီးအေးအေးဖြင့် မီးဖိုပေါ်ချ၍ အအေးခံပါ။ ထို့နောက် ပလပ်စတစ် အိတ်ထဲထည့်၍ လေကုန်အောင်စုပ်ပြီး သေချာစွာထုပ်ပိုးပါက တာရှည်အထားခံသည့် မရမ်းသီးကြော်ကို ရရှိပါသည်။
မရမ်းသီးယိုပြုလုပ်လျှင် မရမ်းသီးကို အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခွဲ၍ အစေ့ထုတ်ပါ။ ထို့နောက် ဘူးတစ်လုံးတွင် ထည့်၍ ဆားရည်ဖြင့် နှစ်ညခန့် စိမ်ထားပါ။ ထို့နောက်ရေစစ်ပြီး တစ်ရက်ခန့် နေပူလှန်းပြီးလျှင် ယိုထိုး၍ ရပြီဖြစ်ပါသည်။ ထန်းလျက်ရည်ကို အမြှုပ်ထွက်သည်အထိကျိုပါ။ ထို့နောက် မရမ်းသီးအခြောက်ထည့်၍ မွှေရပါမည်။ မရမ်းသီးခြောက်နှင့် ထန်းလျက်ရည်ကို သမအောင်မွှေပြီး ထန်းလျက်ရည်ကျပါက မရမ်းသီးယိုကို ရရှိပြီဖြစ်ပါသည်။ ထို့နောက် မီးဖိုပေါ်မှချ၍ အအေးခံပြီးလျှင် စားသုံးနိုင်ပြီ ဖြစ်ပါသည်။
မရမ်းသီးသည် လူတို့ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါသည်။ Vitamin C ဓါတ်ကြွယ်ဝစွာပါရှိသဖြင့် အရေပြားဆဲလ်များ အသစ်ဖြစ်ပေါ်စေရန် အားဖြည့်ပေးပါသည်။ ဤလုပ်ဆောင်ချက်သည် အသားအရေကို ကြည်လင်လှပစေပြီး အနာဖြစ်ပါကလည်း အကျက် မြန်စေပါသည်။ ကင်ဆာရောဂါကို ကာကွယ်ပေးပါသည်။ ရေဓါတ်နှင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူနံရံများကို အာဟာရစုပ်ယူမှု ကောင်းစေပါသည်။
မရမ်းသီးသည် သွေးလည်ပတ်မှုကို ကောင်းစေပါသည်။ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းစေပါသည်။ ကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။ နှလုံးနှင့်အဆုတ် တို့ကို ကျန်းမာစေနိုင်ပါသည်။ အမြင်အာရုံကို ကောင်းစေပါသည်။ ကိုယ်အလေးချိန်များသူများ မရမ်းသီး စားပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါသည်။ သံဓါတ်စုပ်ယူမှုကို ကောင်းစေ ပါသည်။ ဝမ်းကိုမှန်စေပါသည်။ ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေပါသည်။ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။
ဤကဲ့သို့ အာဟာရဓါတ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုသည့်အပြင် လူအများ ကြိုက်နှစ်သက်သည့် မရမ်းသီးကို တာရှည်ခံထားနိုင်သည့် အစားအစာအဖြစ် ပြုပြင် ထုတ်လုပ်နိုင် မည်ဆိုပါက စီးပွားရေးကိုလည်း တစ်ဖက်တလမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ယခုအခါတွင် မရမ်းသီးများ မှည့်နေပြီဖြစ်ရာ စားမကုန်၍ အသီးများအလေအလွင့်ဖြစ်ပေါ် နိုင်ပါသည်။ တောင်ငူမြို့ရှိ ဈေးများတွင် မရမ်းသီးအမှည့်ကို ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိနေပါသည်။
မရမ်းသီးများကို အလေ့အလွင့် အဖြစ်မခံဘဲ မရမ်းသီးကြော်၊ မရမ်းသီးယိုများကို စီးပွားဖြစ် ထုတ်လုပ်ပြီး သေသပ်လှပသည့် ထုပ်ပိုးမှုစနစ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်မည်ဆိုပါက ကုန်ကြမ်း အတိုင်းရောင်းချသည်ထက် အဆပေါင်းများစွာ တန်ဖိုးတက်လာမည်ဖြစ်ပါသည်။ နိုင်ငံတော်က အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးကာ ပြည်ပ ပို့ကုန် မြှင့်တင်ရေးဆောင်ရွက်နေချိန်တွင် ဈေးကွက်ဝင် မရမ်းသီးတန်ဖိုးမြှင့်ထုတ်ကုန်များ စွန့်ဦးတီထွင် ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသစီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။ မရမ်းသီးများကို အလေအလွင့်မဖြစ်စေဘဲ တန်ဖိုးမြှင့်ထုတ်လုပ်၍ သေသပ်လှပစွာ ထုတ်ပိုးခြင်းဖြင့် MSMEs ဒေသ ထွက်ကုန်အဖြစ် ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မိမိဒေသထွက် မရမ်းသီးများကို တန်ဖိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်အတွင်း ထိုးဖောက်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် အာဟာရတန်ဖိုးကို ဆုံးရှုံးမှု မဖြစ်စေခြင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေနိုင်ခြင်း၊ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများက ဝင်ငွေတိုး၍ဒေသစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
