Main menu

အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

     ကယားပြည်နယ်တွင် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် အစေ့ထုတ်ပြောင်း များကို စီးပွားဖြစ် အဓိကစိုက်ပျိုးကြသည်။ ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းများမှာ ( ၁၂၂၀ ကျပ် မှ ၁၃၀၀ ကျပ် ) အကြား အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်သည် တစ်ဦးထံမှသိရှိရပါသည်။

     ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အစေ့ထုတ် ပြောင်း စိုက်ဧကမှာ ၅၄၈၁၂ ဧက၊ ရိတ်ဧကမှာ ၅၄၈၁၂ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၄ တင်းခန့် နှင့် စုစုပေါင်းအထွက်မှာ ၃၅၃၂၄၅၃ တင်းခန့်ထွက်ရှိပြီး အစေ့ထုတ်ပြောင်း ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၁၀၆၀၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိ‌ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရပါသည်။

    အစေ့ထုတ်ပြောင်း ၁ ဧက ဝင်ငွေအနေဖြင့် ၁၁၇၁၂၀၀ ကျပ် မှ ၁၂၄၈၀၀၀ ကျပ် အကြား ရရှိပြီး ၁ ဧက အကျိုးအမြတ်အနေဖြင့် ၁၁၁၂၀၀ ကျပ် မှ ၁၈၈၀၀၀ ကျပ် အကြားရရှိကြောင်းသိရှိရပါသည်။

          ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် ၂၀ ကျပ်မှ ၈၀ ကျပ်အကြား မြှင့် တက်လျှက်ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး သယ်ယူကုန်ကျစရိတ်များ အနေဖြင့် လွိုင်ကော်မြို့ မှ ရန်ကုန်မြို့သို့  အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ၄၂၀ကျပ် မှ ၄၅၀ ကျပ်ခန့်၊ လွိုင်ကော်မြို့ မှ မန္တလေးမြို့သို့ အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ၂၅၀ ကျပ် မှ ၃၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း အစေ့ထုတ်ပြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

          ဒေသတွင်းထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပြည်တွင်းအသုံးပြုမှုများ အနေ ဖြင့် တိရစ္ဆာန်အစာဖြစ်သည့် ကြက်စာ၊ ဝက်စာများအဖြစ်အဓိကအသုံးပြုလျက်ရှိပြီး အခြားဒေသ များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့အထိ အခြားဒေသများ သို့တင်ပို့သည့် အရေအတွက်မှာ ပိဿာ ၃၀ ဝင်အိတ် ၁၀၃၈၆ အိတ်ခန့် လွိုင်ကော်မြို့ အဝင်/ အထွက် ဂိတ်စာရင်းများအရသိရှိရပါသည်။ အစေ့ထုတ်ပြောင်းများ တင်ပို့ရာတွင် လမ်းပန်းဆက် သွယ်ရေးပေါ်မူတည်သည့် ဈေးကွက်အတက်အကျ စိန်ခေါ်မှုများရှိနေပါသည်။ ခေတ်မီ စိုက်ပျိုး နည်းစနစ်များကို အသုံးပြုခြင်းဖြင့် အထွက်နှုန်းကိုပိုမိုမြှင့်တင်နိုင်မည် ဖြစ်ပါသည်။ အစေ့ထုတ် ပြောင်းသည် တောင်သူလယ်သမားများအတွက် ဝင်ငွေဖန်တီးပေးနိုင်သောအရေးပါသည့် သီးနှံ တစ်မျိုးဖြစ်ပါကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)