မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ အောက်တိုဘာလအတွင်း အဆက်မပြတ်ရွာသွန်း ခဲ့သည့် မိုးဖြင့် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေနုများတွင် ဆောင်းသီးနှံမြေပဲများ နိုဝင်ဘာ လဆန်းမှ စတင်စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲများ ဈေးကောင်းရရှိနေ၍ ဒေသခံ တောင်သူများက အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်း၊ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုးကြသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ကုလားပဲ၊ ပဲကြီး၊ ပဲနီကြား၊ စားတော်ပဲ၊ ဖူးစားပြောင်း၊ ကြက်သွန်နီ၊ စားဖိုဆောင်သီးနှံမျိုးစုံကို ယခုနှစ် မြစ်ရေတက်ချိန်တွင် စိုက်ခင်းများအတွင်းသို့ မြစ်ရေဝင်ရောက်မှု နည်းခြင်းကြောင့် မြေအောက်ရေအပြင် အောက်တို ဘာလတွင် ရွာသွန်းခဲ့သည့် မိုးဖြင့် သီးနှံမျိုးစုံစိုက်ပျိုး လုပ်ကိုင်နေကြသည်။ ဒေသတွင်းရှိ စိုက်ပျိုးသူတောင်သူအများစုသည် ကြက်သွန်နီသီးနှံကို စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြပြီး မြေပဲ၊ ကုလား ပဲသီးနှံများကို အသင့်အတင့် စိုက်ပျိုး ကြသည်။ ယခုနှစ်တွင် ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ရိုး တလျှောက်ရှိ မြေနုကျွန်းများတွင် ဆောင်း သီနှံမြေပဲစိုက်ဧက (၃၀၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။
ဆိပ်ဖြူမြို့နယ်တွင်ဆောင်းသီနှံမြေပဲစိုက်ပျိုးမှုလုပ်ငန်းကို ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ ရေလယ်ကျွန်း၊ တောင်ငယ်လုံး၊ သံဇလုံ၊ ကမ္ဘားပါးကြီး၊ ချင်တောင်၊ ဇီးကပ်၊ ရွာသာအေး၊ ကြီးပင်၊ ချင်တောင်အောက်ဆိပ်၊ ဆူလေကုန်း၊ မြင်ကဝ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုနှစ် ကုန်းစိုက် ဝါဆိုမိုးစိုက် မြေပဲများ တူးဖော်ရာတွင် စိုက်ပျိုးချိန်နောက်ကျ၍ မြေပဲအထွက်နှုန်း သိသိသာသာလျော့နည်း သွားကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်များပြီး ငွေအား၊ လူအား ပင်ပန်းသလောက် အကျိုး အမြတ် ရရှိမှုနည်းကြောင်း၊ ယခုအချိန်စိုက်ပျိုးသော နိုဝင်ဘာဆောင်းစိုက် မြေပဲများမှာ သဲနုန်းမြေနု များတွင် စိုက်ပျိုးရ၍ မြေပြုပြင်ရန် နည်းခြင်းကြောင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သင့်တင့်မျှတ မှုရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဒေသခံတောင်သူများမှာ နှစ်စဉ်အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရပါသည်။
ဆောင်းသီးနှံမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အောက်တိုဘာလရွာသွန်းသောမိုးရေကြောင့် မြစ်ရေ ဝင်မြေဖြစ်၍ မြေအောက်ဓာတ်အစိုရေနှင့် ဆောင်းရာသီနှင်းဓာတ်ကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင် ကြသည်။ ယခင်နှစ် ဆောင်းမြေပဲစိုက်(၁)ဧကလျှင် မြေပဲအထွက်တင်းအနည်းဆုံး (၃၅)မှ(၄၀)အထိ ထွက်ရှိကြောင်း၊ မြေပဲဆံ(၁၂)တင်းခန့်ထွက်ရှိပြီး ကုန်ကျစရိတ်မှာကျပ်(၅) သိန်းဝန်းကျင်ခန့် ကုန်ကျပြီး ကျပ်(၄)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုအချိန်တွင် မြေပဲဈေးကွက်ပြန်လည် ကောင်းမွန်လာခြင်းကြောင့် ဆောင်းမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အားထား လုပ်ကိုင်နေကြကြောင်း တောင်သူများ ပြောကြားချက်အရ သိရှိရပြီး ဆောင်းမြေပဲပေါ်ချိန် မတ်လသီးနှံပေါ်စတွင် မြေပဲ ဈေးကွက် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေသော်လည်း ဩဂုတ်လမှစ၍ မြေပဲဆံများကို ပြည်ပ နိုင်ငံမှ အဝယ်လိုက်၍ ပြည်တွင်းမြေပဲဈေးကွက် မြင့်တက်လာပြီး တောင်သူများမှ ထွက်ရှိသော မြေပဲများ အရောင်းအဝယ်ပြုလုပ်ရာတွင် မြေပဲတောင့် ရောင်းချမှုနည်းပြီး မြေပဲအဆံကိုသာ အဓိက ထားရောင်းချကြောင်း၊ မြေပဲဆံ(၁)ပြည် လျှင် အနိမ့်ဆုံးဈေးကျပ်(၄၅၀၀)မှ (၇၀၀၀)၊ အဆံ(၁)တင်း ကျပ်(၇၀၀၀၀)မှ (၁၀၀၀၀၀)အထိ ရောင်းချခဲ့ရ၍ ယခင်နှစ် ဆောင်းမြေပဲစိုက် တောင်သူများ အကျိုး အမြတ် များစွာရရှိခဲ့ကြကြောင်း ဒေသခံတောင်သူများမှ ပြောပါသည်။
ဒေသထွက်မြေပဲတောင့်များကို အခွံနွှာပြီး ထွက်ရှိသော မြေပဲဆံများကို မြို့ပေါ်ရှိ မြေပဲ စက်ဆီ၊ ဆုံဆီလုပ်ငန်းရှင်များ၊ ပဲကြော်၊ မြေပဲဆားလှော်လုပ်ငန်းရှင်များ၊ ဒေသတွင်းစားသုံးသူများ၊ ရောင်းဝယ်ဖောက်ကားသူများမှ ဝယ်ယူကြောင်း၊ စိုက်ခင်းမှ မြေပဲထွက်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆောင်းမြေပဲသီးနှံ စိုက်ပျိုးခြင်းဖြင့် မြေပဲဆီ၊ မြေပဲဖတ်အပြင် မြေပဲရိုး၊ မြေပဲခွံများကိုလည်း တိရစ္ဆာန်အစာအဖြစ် ရောင်းချရ၍ တောင်သူများအတွက် စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်တွင်းမြေပဲဈေးကွက် ခိုင်မာမှုရှိ၍ မြေပဲစိုက်တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် စားသုံးသူများအတွက် ကျန်းမာရေး အထောက်အပံ့ဖြစ်စေပြီး နေ့စဉ်မပါမဖြစ် အသုံးပြုလျက်ရှိသော အခြေခံစားကုန်တစ်မျိုးဖြစ်သည့်အပြင် ပြည်တွင်းစားသုံး ဆီဖူလုံစေရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီများ စားသုံးမှုပိုမို တွင်ကျယ်လာစေရေးနှင့် စိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ ကုန်သည်ပွဲစားများ၊ အလုပ် အကိုင်အခွင့်အလမ်း များစွာရရှိစေရေးအတွက် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသော ဆောင်းမြေပဲသီးနှံကို GAP စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ စိုက်ပျိုး၍ ရရှိသော မြေများတွင် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
DOCA(မကွေး)