
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်ကျေးရွာ၊ မုသင်ကျေးရွာနှင့် ရွှေလှေကျေးရွာများ၌ ကွမ်းရွက်အား တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် ဈေးကောင်းရ၍ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း သိရသည်။
အဆိုပါ ကွမ်းရွက်ပင်များ စိုက်ပျိုးရာ၌ ဝါဆိုလတွင် စိုက်ပျိုးကြပြီး ဝါးတစ်တိုင်လျှင် ကွမ်းအညွှန့်နှစ်ညွှန့်စိုက်ပျိုးရပြီး တော်သလင်းလတွင် သွင်းအားစုများအဖြစ် နွားချေး၊ မြေဆွေး၊ ဓာတ်မြေဩဇာများ ကျွေးရပါသည်။ သီတင်းကျွတ်လခန့်တွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရရှိပြီး ကွမ်းတိုင် (၁၀၀၀) တိုင်စိုက်ပျိုးလျှင် (၂၀) ရက်လျှင် (၁) ကြိမ်ခူးရာ (၇၅) ပိဿာခန့်ခူးဆွတ်ရရှိ၍ ထိုကွမ်းရွက်များအား မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကွမ်း (၅၀) ကျပ်သားတစ်လိပ်လျှင် (၆၀၀၀) ကျပ်ဝန်းကျင်ရရှိကြောင်း၊ ကွမ်းတိုင် တစ်ထောင်စိုက်ပျိုးရန် အထွေထွေကုန်ကျစရိတ် (၅၀) သိန်းခန့် ကုန်ကျပြီး ကွမ်းပင်၏ သက်တမ်းမှာ (၄) နှစ်ခန့်ရှိကြောင်း၊ အထွေထွေကုန်ကျစရိတ်များသော်လည်း ကွမ်းရွက် ဈေးကောင်းရ၍ အထွက်နှုန်းကောင်းလျှင် အကျိုးအမြတ်ကောင်းစွာ ရရှိနိုင်ကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။
DOCA (မွန်)
