Main menu

ပေါင်မြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကျုံကကျေးရွာမှ တောင်သူ တစ်ဦးကပြောပြ၍ သိရှိရပြီး ခရမ်းချဉ်သီးသည်  ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ် ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစား ဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ပြောပြသည်။

    ခရမ်းချဉ်ပင်စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ နှစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပေါင်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံ စိုက်ပျိုးသူများအနေဖြင့် ဦးစွာသာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားရကြောင်း၊ ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်းမြက်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလတ်စတစ် အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှု ကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်းနှင့် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုရှိပါက အကျိုးအမြတ်များသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိသည်။

DOCA (မွန်)