
မြန်မာလူမျိုးများသည်ကုလားပဲကို ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ဟင်းလျာအမျိုးမျိုးအဖြစ်စားသုံးကြသည့်အပြင် ကုလားပဲကို အမှုန့်ကြိတ်ပြီး တို့ဟူးအစို၊ တို့ဟူးအခြောက် ပြုလုပ်ရာ၌လည်းကောင်း၊ မုန့်ဟင်းခါး/အုန်းနို့ခေါက်ဆွဲ/ နို့စိမ်းခေါက်ဆွဲ ချက်ရာ၌ လည်းကောင်း၊ မုန့်တီ/ခေါက်ဆွဲ/ဟင်းသီးဟင်းရွက်စသည့်တို့ကို အသုပ်စုံများပြုလုပ်ရာ၌လည်းကောင်း ထည့်၍ စားသောက်ကြပါသည်။
ရွှေကြိုးကြာ ပဲမှုန့်ကြိတ်စက်သည် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၌ တည်ရှိပြီး၊ ၂၀၁၀ခုနှစ်က စတင်၍ စက်ပစ္စည်းတန်ဖိုး ရင်းနှီးငွေ ကျပ်သိန်း ၅၀၀ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကုလားပဲ ခွဲခြမ်းများကို မန္တလေးကုန်စည်ဒိုင်မှဝယ်ယူပြီး ကုလားပဲအစိမ်းမှုန့်ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်းပိဿာ၆၀ခန့်၊ တစ်လလျှင်ပျမ်းမျှကုလားပဲခြမ်း ပိဿာ၁၃၀၀ကျော်ကိုလည်းကောင်း၊ ကုလားပဲအကျက်မှုန့် ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်း ၁၀ ပိဿာခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ၂၂၀ ပိဿာကိုလည်းကောင်း ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ ကုလားပဲအကျက်မှုန့်နှင့် ကုလားပဲအစိမ်းမှုန့်များအား တစ်ဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ ငါးဆယ်ကျပ်သား အထုပ်များကို လေလုံအောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးပါသည်။ ထားရှိသုံးစွဲနိုင်မှု သက်တမ်းမှာ လေလုံအောင်ထားပါက ပဲမှုန့်အကျက် ၃လ၊ ပဲမှုန့်အစိမ်း ၄လထိ ကြာအောင် ထားရှိနိုင်ကြောင်းသိရသည်။ ရောင်းဈေးနှုန်းများမှာ စက်ရုံလက်ကားဈေး ပဲမှုန့်အကျက် တစ်ပိဿာ ၇၀၀၀ကျပ်မှ ၇၇၀၀ ကျပ်ကြား၊ ပဲမှုန့်အစိမ်း တစ်ပိဿာ ၆၅၀၀မှ ၆၈၀၀ကျပ် ကြား ဈေးနှုန်းများဖြင့် ဒေသတွင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နှင့် မိတ္ထီလာမြို့၊ တောင်ကြီး၊ ညောင်လေးပင်၊ အောင်ပန်း၊ လာရှိုး၊ ကလေးမြို့များသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သိရပါသည်။ အမျိုးသမီးလုပ်သား(၅)ဦးအား တစ်ရက်လုပ်အားခ ၁၂၀၀၀ကျပ်နှုန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ကြောင်း သိရပါသည်။
ရွှေကြိုးကြာပဲခွဲစက်သည် ခေတ်မီစက်များကို အသုံးပြု၍ ကုလားပဲမှုန့်ကို ကြိတ်ခွဲကြောင်း သိရပါသည်။ ခရိုင်အလိုက်၊ တိုင်းဒေသကြီးအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စက်မှုလုပ်ငန်းများဖြစ်သည့် ပဲမှုန့်ကြိတ်စက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် ကုလားပဲမှုန့်ကို စားသုံးသူပြည်သူများအတွက် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ကုလားပဲမှုန့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
