Main menu

ပြည်ခရိုင်၏ ဝါသီးနှံဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့်အပြင် ပြည်တွင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေး အတွက်လည်း ဆောင်ရွက်လျှက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများလည်း သက်ဆိုင်ရာမိတ်ဖက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင်စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှလည်း ဆောင်ရွက်လျှက်ရှိပါသည်။

      ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ချည်မျှင်ရှည်ဝါကို ပြည်ခရိုင်ရှိ မြို့နယ်(၄)မြို့နယ်တွင် စိုက်ပျိုးပြီး ပြည်မြို့နယ်တွင် ဧက(၃၁၂၂)၊ ပေါက်ခေါင်းမြို့နယ် တွင်(၃၇၈၉) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၅၀)ဧကနှင့်၊ ရွှေတောင်မြို့နယ်တွင် (၅၂)ဧက၊ စုစုပေါင်း (၇၀၁၃)ဧက စိုက်ပျိုးပြီး ဝါကြီးကို ပေါက်ခေါင်းတစ်မြို့နယ်တည်းသာ (၃၀၂၅)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။

ဝါသီးနှံစိုက်ပျိုးထွက်ရှိမှု

          ယခုနှစ်တွင် ဝါကြီး(၃၀၂၅)ဧကကို အထွက်နှုန်းအနေဖြင့် ခန့်မှန်း(၁၉၈)ပိဿာထွက်ရှိလျှင် ပိဿာချိန် ၆သိန်းကျော်ထွက်ရှိမည်ဖြစ်ပြီး ချည်မျှင်ရှည်ဝါ (၇၀၁၃)ဧကလျှင် ခန့်မှန်း အထွက်နှုန်း အနေဖြင့် (၄၃၉)ပိဿာ ထွက်ရှိပါက ပိဿာချိန် သိန်း(၃၀)ခန့်ထွက်ရှိနိုင်သည့်အတွက် ဝါကြီးနှင့် ချည်မျှင်ရှည်ဝါ စုစုပေါင်းပိဿာချိန်ပေါင်း (၃၆)သိန်းကျော်ခန့်ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ဝါစိုက်တောင်သူထံမှ ခန့်မှန်းသိရှိရပါသည်။

ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ

          ဝါသီးနှံ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် သွင်းအားစုများ ဈေးကြီးမြင့်လာသည့်အတွက် ယခင်နှစ်ထက်တစ်ဆကျော်ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။ ဝါကြီး တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ် ၃၈၀၀၀၀ကျော်၊ ချည်မျှင်ရှည်ဝါ အနေဖြင့် ၇သိန်းကျော် ကုန်ကျပြီး ဝါကြီးတစ်ဧက အထွက်နှုန်း ၁၉၀ ပိဿာထွက်ရှိပါက တစ်ဧကဝင်ငွေမှာ ၅၃၂,၀၀၀ကျပ်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၁၄၉,၇၀၀ကျပ်၊ ချည်မျှင်ရှည်ဝါအနေဖြင့် တစ်ဧက ၄၃၉ပိဿာထွက်ရှိလျှင် တစ်ဧကဝင်ငွေ ကျပ် ၁,၂၂၉,၀၀၀ကျော် ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ် ၅၂၀,၀၀၀ကျော် ရရှိမည်ဖြစ်သည့်အတွက် ယခုအချိန်တွင် သွင်းအားစုဈေးနှုန်းများကြီးမြင့်လာပြီး တစ်ဧက ကုန်ကျစရိတ်မှာ ယခင်နှစ်ထက်ပိုခဲ့သော်လည်း ဝါစိုက်တောင်သူများအနေဖြင့် ဝါဈေးမှာ ယခင်နှစ်ထက် ဈေးကောင်းရနေသည့်အတွက် အကျိုးအမြတ်ပိုမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

တောင်သူလက်ကျန်အခြေအနေ

          နိုဝင်ဘာလဆန်းပိုင်းသည် ဝါသီးနှံများ စတင်ထွက်ပေါ်သော ကာလဖြစ်သည့်အတွက် ပြည်ခရိုင်အနေဖြင့် ချည်မျှင်ရှည်ဝါများကို စတင်၍ ၁၃၁ ဧက ရိတ်သိမ်းပြီးဖြစ်ရာ ဝါပိဿာချိန်ပေါင်း ၅၀၀၀၀ကျော်ခန့် ထွက်ရှိနေပြီဖြစ်ပါသည်။ တောင်သူများအနေဖြင့် ထွက်ရှိလာသောဝါများအား လက်ဝယ်မထားဘဲ ဝါကုန်သည်များ၊ ဝါဒိုင်များသို့ ချက်ချင်းရောင်းချကြောင်း သိရှိရပါသည်။ ချည်မျှင်ရှည်ဝါ ၆၈၈၂ဧက၊ ဝါကြီး ၃၀၂၅ဧက ရိတ်သိမ်းရန်ကျန်ရှိနေပြီး အဆိုပါဧကများ ရိတ်သိမ်းပြီးပါက ချည်မျှင်ရှည်ဝါပိဿာချိန်ပေါင်း သိန်း၃၀ကျော်နှင့် ဝါကြီး ပိဿာချိန်ပေါင်း ၆သိန်း ခန့် ထပ်မံထွက်ရှိရန် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

ဝါသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

          ပြည်ခရိုင်တွင် ဝါဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ စတင်ထွက်ပေါ်ချိန်က ဝါအများဆုံး စိုက်ပျိုးသည့် ပေါက်ခေါင်းမြို့နယ်တွင် ဝါကောင်းလျှင် တစ်ပိဿာ ၂၃၀၀ကျပ်၊ ဝါညံ့လျှင် ၂၁၀၀ ကျပ်ဖြင့်ဈေးစဖွင့် ဝယ်ယူခဲ့ပြီး ယခု ၂၈၀၀ကျပ်ဈေးရပြီး ဝါစေ့တစ်ပိဿာလျှင် ၁၁၅၀ကျပ် ဈေးပေး ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်အနေဖြင့် ထွက်ရှိသော ဝါသီးနှံများကို တောင်သူ များထံမှ ရွာပွဲစားများက ဝယ်ယူ၍ ပေါက်ခေါင်းမြို့နယ်ရှိ ဝါစက်ရုံများနှင့် အောင်လံဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ဝယ်ယူ၍ရရှိသော ကုန်ကြမ်းများကို ဝါဂွမ်းအဆင့်ကြိတ်ခွဲပြီး မန္တလေးနှင့် မူဆယ်ဈေးကွက်သို့ နှစ်စဉ်တင်ပို့ ရောင်းချ လျှက်ရှိပါသည်။

ဝါစက်ရုံများ၏ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ

          ပြည်ခရိုင်တွင် ဝါကြိတ်စက်ရုံ (၃)ရုံရှိပြီး အဆိုပါဝါကြိတ်စက်ရုံများမှာ ပေါက်ခေါင်းမြို့နယ် ၌သာ တည်ရှိပါသည်။ ဝါကြိတ်စက်ရုံ(၃)ရုံအနေဖြင့် ပိဿာချိန် ၁၃၁,၃၀၀ခန့်ဝယ်ယူပြီး ပိဿာချိန် ၃၀,၀၀၀ခန့် ကြိတ်ခွဲပြီးဖြစ်ရာ လက်ကျန်အနေဖြင့် ပိဿာချိန် ၁၀၁,၃၀၀ ကြိတ်ခွဲရန် ကျန်ရှိနေကြောင်း သိရှိရပါသည်။ စက်ရုံများအနေဖြင့် ကြိတ်ခွဲပြီးသောဝါဂွမ်းများအား ဈေးကွက် မရရှိသေး၍ ရောင်းချမှုမရှိသေးကြောင်း သိရှိရပါသည်။

          ယခုနှစ်တွင် ဝါစိုက်ပျိုးသူ တောင်သူများအနေဖြင့် ယခင်နှစ်ထက် ဝါအထွက်နှုန်း လျော့နည်း လာသော်လည်း ဈေးကောင်းများရရှိသည့်အတွက် ဝင်ငွေများတိုး၍ အကျိုးအမြတ် ပိုမိုရရှိသဖြင့် နောက်လာမည့်နှစ်များတွင် ဝါစိုက်ဧကများတိုးချဲ့ စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးနိုင်မည်ဆိုလျှင် ဝါများအထွက်ကောင်းပြီး ဈေးကောင်းလည်း ဆက်လက်ရရှိလာမည်ဆို လျှင် တောင်သူများအတွက် အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာမည် ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)