Main menu

ပြည်မြို့ရဲ့ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဖူးစားပြောင်းကို မိုးရာသီနှင့်ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ မိုးရာသီတွင် စိုက်ပျိုးသော ဖူးစားပြောင်းကို မေလနှင့် ဇွန်လတွင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းရပါသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသော ဖူးစား ပြောင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းပါသည်။ ပြည်ခရိုင်အနေဖြင့် ဖူးစားပြောင်း (မိုး) စိုက်ဧကမှာ ၈၃၂၁ ဧကရှိပြီး တစ်ဧက အထွက်နှုန်းမှာ အဖူးရေ ၂၄၆၉၆ဖူး ထွက်ရှိသည်ဟု သိရှိရပါသည်။ ဖူးစားပြောင်း(မိုး) စိုက်ဧကမှာ ပြည်မြို့တွင် ၈၀၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၀၁ဧက၊ ပန်းတောင်းမြို့နယ်တွင် ၅၇၄၁ဧက နှင့် ရွှေတောင်မြို့နယ်တွင် ၈၇၇ဧက စိုက်ပျိုး ရိတ်သိမ်းပြီးဖြစ်ပါသည်။  ဖူးစားပြောင်း(ဆောင်း)ဧကမှာ ယခုအချိန်အထိ ၆၁၇၀ဧက စိုက်ပျိုးထားပြီးဖြစ်ပါသည်။ စိုက်ဧကအနေဖြင့်  ပြည်မြို့နယ်တွင် ၂၃၄ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၄ဧက၊ ပန်းတောင်းမြို့နယ်တွင် ၂၉၈၂ဧက နှင့် ရွှေတောင်မြို့နယ်တွင် ၂၈၆၀ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းလည်း သိရှိရပါသည်။

      ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် ဖူးစားပြောင်း အများဆုံးစိုက်ပျိုးသည့် ကျေးရွာ များမှာ ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာတို့တွင်စိုက်ပျိုးကြပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ပြောင်းစေးနှင့် သကြားပြောင်းတို့ဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် အများဆုံးစိုက်ပျိုးသော ဖူးစားပြောင်းမှာ အဖြူမျိုးဖြစ်ပြီး၊ သကြားပြောင်း (ခ)ပြောင်းဝါ ကိုအနည်းငယ်သာစိုက်ပျိုးကြပါသည်။ ပြောင်းဖူးစိုက်ပျိုးလျှင် အစေ့ကိုသာစိုက်ပျိုးပြီး စိုက်စနစ် မှန်ကန်စွာစိုက်ပျိုးပါက တစ်ဧကလျှင် အပင်ပေါင်း (၁)သိန်းကျော်ခန့် ဝင်ဆံ့သည်ဟု သိရှိရပါသည်။ ပြောင်းဖူးပင်တစ်ပင်လျှင် ၁ဖူးသာထွက်ရှိပြီး အပင်ကောင်းလျှင် ၂ဖူးခန့်ထွက်ရှိသည်ဟု သိရှိ ရပါသည်။ ပြောင်းဖူး စိုက်ပျိုးရန်သင့်လျော်သောမြေမှာ စနယ်မြေ၊ နုန်းမြေ နှင့် သဲနုန်းမြေတို့တွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ပြောင်းဖူးပင် တစ်လသားတွင် ကြီးထွားမှုနှေးသဖြင့် အထွက် နှုန်းကောင်းစေရန် ပေါင်းမြတ်များကိုရှင်းလင်းပေးရန်လိုအပ်ပါသည်။ ဖူးစားပြောင်း တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၈)သိန်းကျပ်ခန့်ကုန်ကျပြီး တစ်ဧကဝင်ငွေအနေဖြင့် ၁၆သိန်း ကျော်ရရှိ၍ တောင်သူအကျိုးအမြတ်အနေဖြင့် ၈သိန်းကျပ်ခန့်ရရှိသည်ဟု သိရှိရပါသည်။ ပြောင်းဖူး ကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် ခုတ်ယူနိုင်ပါသည်။ ပြောင်းဖူးတစ်ဖူးလျှင် အခင်းဈေး ၁၅၀-၂၀၀ကျပ်အထိ ဈေးရှိပြီး လက်လီဈေးမှာ တစ်ဖူးလျှင် ၂၅၀-၃၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိ ပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို ဒေသတွင်း စားသုံးရန်ရောင်းချသည့်အပြင် ရန်ကုန် ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပါသည်။

      ဖူးစားပြောင်း စိုက်ပျိုးသူတောင်သူများအနေဖြင့် မျိုးစေ့မှန်ကန်၍ စိုက်ပျိုးစနစ်မှန်ကန်ပါက စိုက်ပျိုးသမျှပြောင်းစေ့တိုင်း အပင်ပေါက်ပြီး တောင်သူများအတွက် အမြတ်အစွန်းမှာ ပိုမိုရရှိမှာ ဖြစ်သည့်အတွက် မိမိတို့မိသားစုလည်း စားသုံးနိုင်သည့်အပြင် ဝင်ငွေလည်းတိုးတက်လာသဖြင့် ပိုမို တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)