Main menu

တရားဝင်လိုင်စင်တင်သွင်းထားခြင်းမရှိသော စားသောက်ကုန်များနှင့် ဘေးထွက်ဆိုးကျိုးများ

Powered by Drupal

          ယနေ့ခေတ် စားသောက်ကုန်ဈေးကွက်သည် ပိုမိုကျယ်ပြန့်လာကာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု များ များပြားလာသည်။ သို့သော် ထိုသို့သော ကုန်သွယ်မှုများအားလုံးသည် ဥပဒေနှင့်အညီ ဖြစ်သည်ဟု မဆိုနိုင်ပေ။ တရားဝင် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် တင်သွင်းထားခြင်း မရှိသော (unlicensed / unregistered) စားသောက်ကုန်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ စားသုံးသူများအတွက် ဆိုးရွားလှသည့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေပြီဖြစ်သည်။ အဆိုပါ ထုတ်ကုန်များကို သာမန် စျေးဆိုင်များ၊ အွန်လိုင်းဈေးကွက်များ သို့မဟုတ် နယ်စပ်မှ ခိုးသွင်းသည့် လမ်းကြောင်းများမှတစ်ဆင့် ရောင်းချလေ့ရှိပြီး စားသုံးသူများအနေဖြင့် ၎င်းတို့၏ ဘေးအန္တရာယ်ကို သတိမထားမိဘဲ သာမန် အစားအစာများကဲ့သို့ ဝယ်ယူစားသုံးမိကြသည်။

         တရားဝင်လိုင်စင်မရှိသော စားသောက်ကုန်" ဆိုသည်မှာ နိုင်ငံ၏ စားသောက်ကုန် ဘေးကင်းရေး အေဂျင်စီ (ဥပမာ – မြန်မာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန – FDA) မှ စစ်ဆေး အတည်ပြုခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း မပြုလုပ်ထားသော ထုတ်ကုန်အားလုံးကို ခြုံငုံဖော်ပြသည်။ အောက်ပါအတိုင်း အဓိက အမျိုးအစားများ ခွဲခြားနိုင်သည်-မှတ်ပုံတင်ခြင်း မရှိသော ထုပ်ပိုးထားသည့် အဆင်သင့်စား ကုန်ပစ္စည်းများ – ဥပမာ – ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကြက်သားမှုန့်နှင့် အခြား လက်ငင်း အစားအစာ မှုန့်များတွင် NAFDAC သို့မဟုတ် FDA တံဆိပ် မပါရှိခြင်း။ လိုင်စင်မဲ့ အိမ်တွင်း ထုတ်လုပ် ရောင်းချသော (Cottage food) နှင့် မြေအောက်စားသောက်ဆိုင်များ – အိမ်မီးဖိုချောင်များတွင် ထုတ်လုပ် ကာ လူမှုကွန်ရက်များမှ တစ်ဆင့် ကြော်ငြာရောင်းချသည့် အစားအစာများ။ နိုင်ငံခြားမှ တရားမဝင် ခိုးသွင်းလာသော အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ – အထူးသဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ ကူးစက်နိုင်ခြေ အလွန်မြင့်မားသည်။သက်တမ်းလွန် ပစ္စည်းများအား ပြန်လည်ထုပ်ပိုးကာ အသွင်ပြောင်း ရောင်းချခြင်း – အထူးသဖြင့် သက်တမ်းကုန်ဆုံးလုနီးပစ္စည်းများကို ရက်စွဲအတုများဖြင့် ပြန်လည်တံဆိပ် ကပ်ခြင်း။ တရားမဝင် ဖြည့်စွက်စာများ (Food supplements) နှင့် ကျန်းမာရေးဖျော်ရည်များ – FDA မှ စစ်ဆေးခြင်း လုံးဝမရှိဘဲ ဈေးကွက်ထဲ ဝင်ရောက်လာခြင်း။တရားမဝင် ချိုဓာတ်များ၊ အရောင်ဆိုးများနှင့် ကြာရှည်ခံဓာတုပစ္စည်းများ – ပုံမှန်အားဖြင့် အစားအစာများတွင် ထည့်သွင်းခွင့်မပြုသော ဖော်မလင် (Formalin) ကဲ့သို့ အဆိပ်ဓာတ်များ ပါဝင်နိုင်ခြင်း တို့ဖြစ်ပါသည်။

         ဤထုတ်ကုန်များ၏ ဘေးအန္တရာယ်သည် အလွန်ကျယ်ပြန့်ပြီး ရေတိုနှင့် ရေရှည် ကျန်းမာရေး ပြဿနာ နှစ်မျိုးလုံးကို ဖြစ်စေနိုင်သည်။· အစာအဆိပ်သင့်ခြင်း ၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဖျားခြင်း၊ ခန္ဓာကိုယ်နီရဲခြင်း၊ ယားယံခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ဖော်မလင်ပါဝင်သော စားသောက်ကုန်များတွင် မူးဝေခြင်းနှင့် အော့အန်ခြင်း ဖြစ်ပွားတတ် သည်။ အထူးသဖြင့် ဖော်မလင်နှင့် အခြား အဆိပ်ဓာတုပစ္စည်းများ ကြာရှည်စွာ စားသုံးမိပါက အစာ အိမ်ကင်ဆာ၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်သည်။ တရားမဝင် သကြားများတွင် ပါဝင်သော မာကျူရီဓာတ်ကြောင့် အာရုံကြောနှင့် အစာခြေစနစ် ထိခိုက်ခြင်း။တရားမဝင်ခိုးသွင်းသော အဆီများသော အသားများ (Turkey tail) ကြောင့် နှလုံးရောဂါ၊ သွေးတိုးနှင့် အဝလွန်ခြင်း။သွေးအားနည်းခြင်း၊ အအေးမိလွယ်ခြင်းနှင့် ကူးစက်ရောဂါများ အလွယ်တကူ ခံစားရခြင်း။ ကလေးများနှင့် ကိုယ်ဝန်ဆောင်များ တွင် ဆိုးကျိုးများ – သန္ဓေသားကြီးထွားမှု ထိခိုက်ခြင်းနှင့် ကလေးများ၏ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း။

         မြန်မာနိုင်ငံတွင် ဖော်မလင်ကို အသားငါး၊ ခေါက်ဆွဲနှင့် ပဲပြုတ်များ ကြာရှည်ခံရန် အသုံးပြုမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အကြီးအကျယ် သတိပေးခဲ့သည်။ ဤဓာတု ပစ္စည်းသည် ရေတိုတွင် ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ကို ဖြစ်စေပြီး ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ပျက်စီးကာ ကင်ဆာအထိ ဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံရှိ သက်တမ်းလွန် ကုန်ပစ္စည်းများကို ရက်စွဲအသစ်တပ်ကာ ပြန်လည်ရောင်းချမှုမှာလည်း အဖြစ်များပြီး ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါဖြစ်ပွားမှုကို တိုးမြင့်စေသည်။

          အင်္ဂလန်နိုင်ငံ၊ Dover ဆိပ်ကမ်းတွင် ၂၀၂၅ ခုနှစ်၌ တရားမဝင် အသားခိုးသွင်းမှု တန်ချိန် ၁၁၀ ကို သိမ်းဆည်းရရှိခဲ့ပြီး၊ ယင်းပမာဏသည် ၂၀၂၃ ခုနှစ်ထက် နှစ်ဆ ပိုများသည်။ အဆိုပါ ခိုးသွင်း အသားများကြောင့် Campylobacter ကူးစက်မှု ၅၀% နှင့် Salmonella ကူးစက်မှု ၂၀% တိုးလာသည်ဟု ကျန်းမာရေးကျွမ်းကျင်သူများက ဆိုသည်။

         Lagos ဈေးကွက်တွင် NAFDAC မှတ်ပုံတင်နံပါတ်မပါသော စားသောက်ကုန်များ အများအပြား ရောင်းချနေသည်ကို တွေ့ရှိရသည်။ အဆိုပါ ထုတ်ကုန်များတွင် ထုတ်လုပ်သည့်ရက်၊ သက်တမ်း ကုန်ဆုံးရက်၊ ကုမ္ပဏီအမည်နှင့် ပါဝင်ပစ္စည်းများကို ဖော်ပြခြင်း မရှိဘဲ စားသုံးသူများ အန္တရာယ် ကြုံတွေ့နေရသည်။

        ကင်ညာအစိုးရ၏ ဓာတ်ခွဲစစ်ဆေးချက်အရ တရားမဝင် သကြားအိတ် ၁၀၀၀ ကျော်တွင် မာကျူရီ နှင့် ကြေးနီဓာတ်ပါဝင်မှု မြင့်မားနေပြီး ၎င်းတို့သည် အာရုံကြောနှင့် အစာခြေစနစ်ကို ပျက်စီးစေကာ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုနှင့် ကင်ဆာအထိ ဖြစ်ပေါ်နိုင်သည်။

ဇင်ဘာဘွေတွင် တန်ချိန် ၁၅ ခန့်ရှိ ခိုးသွင်းအသားများကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ အသားများတွင် Salmonella, E. coli, Listeria, Campylobacter ကဲ့သို့သော အန္တရာယ်ရှိ ဘက်တီးရီးယား များအပြင် အချို့ကို ဖော်မလင်ဖြင့် ပြုပြင်ထားသည်ကို တွေ့ရသည်။ Dr. Johannes Marisa ၏ သတိပေးချက်အရ အဆိုပါဘက်တီးရီးယားများသည် ဝမ်းရောဂါအပြင် ဦးနှောက်အမြှေးရောင်ခြင်းနှင့် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။

            ဖိလစ်ပိုင်နိုင်ငံ၏ FDA သည် အကြိမ်ကြိမ် ထုတ်ပြန်သည့် သတိပေးချက်များတွင် မှတ်ပုံတင် မထားသော အစားအစာများကို ဝယ်ယူခြင်း၊ စားသုံးခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါ ထုတ်ကုန်များ သည် FDA ၏ အရည်အသွေးနှင့် ဘေးကင်းရေး အကဲဖြတ်ခြင်းကို မခံယူရသေးသောကြောင့် စားသုံးသူ များ၏ ကျန်းမာရေးအတွက် အာမခံချက်မရှိကြောင်း ဖော်ပြထားသည်။

တရားမဝင် စားသောက်ကုန်များ ပြန့်ပွားမှုအတွက် အဓိကအကြောင်းရင်းများမှာ- နယ်စပ်ဂိတ် များတွင် ခေတ်မီဓာတ်ခွဲခန်းများ မရှိခြင်း၊ အရာထမ်းအင်အား မလုံလောက်ခြင်းတို့ကြောင့် တရားမဝင် ကုန်ပစ္စည်းများကို ထောက်လှမ်းရန် ခက်ခဲခြင်း။တရားမဝင် စားသောက်ကုန် ရောင်းဝယ်သူများအား ထိရောက်သော ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ကျခံရန် ဥပဒေတွင် ပြဌာန်းချက် အားနည်းခြင်း။ တရားမဝင် စားသောက်ကုန်များ၏ ဘေးအန္တရာယ်နှင့် ၎င်းတို့ကို မည်သို့ခွဲခြားသိနိုင်ပုံကို အများပြည်သူ သိရှိမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ပါသည်။

           စားသုံးသူများ ကာကွယ်ရန် လက်တွေ့နည်းလမ်းများမှာ ထုပ်ပိုးထားသော စားသောက်ကုန် တိုင်းတွင် ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူ၏ လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များ ပါရှိရမည်။ သက်ဆိုင်ရာ FDA/NAFDAC မှတ်ပုံတင်နံပါတ်ပါရှိမရှိ စစ်ဆေးပါ၊ အထူးသဖြင့် လမ်းဘေးဈေးသည်များနှင့် အွန်လိုင်းရောင်းချသူများ၏ တရားဝင် လိုင်စင် (Permit) ကို မေးမြန်းအတည်ပြုပါ။

         ပုံမှန်ထက် စျေးအလွန်ချိုသော စားသောက်ကုန်များသည် မကြာခဏဆိုသလို မှောင်ခိုပစ္စည်း (contraband) ဖြစ်နိုင်သည်။ အချို့နိုင်ငံများ၏ FDA ဝဘ်ဆိုဒ်များတွင် ထုတ်ကုန်အမည် ရိုက်ထည့်ကာ မှတ်ပုံတင်ထားမှုကို ပြန်လည်စစ်ဆေးနိုင်သည်။ တရားမဝင်ပစ္စည်းတွေ့ရှိပါက ဒေသဆိုင်ရာ စားသောက်ကုန်ဘေးကင်းရေးဌာန (FDA branch သို့မဟုတ် အလားတူအဖွဲ့) သို့တိုင်ကြားနိုင်ပါသည်။

            တရားဝင် လိုင်စင် သို့မဟုတ် မှတ်ပုံတင်ခြင်း မရှိသော စားသောက်ကုန်များသည် ကမ္ဘာတစ်ဝှမ်းလုံး ၏ ပြည်သူ့ကျန်းမာရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပြီဖြစ်သည်။ အဆိုပါ ထုတ်ကုန်များသည် အဆိပ်သင့်သော ဓာတုပစ္စည်းများ (ဥပမာ- ဖော်မလင်၊ မာကျူရီ) မှသည် သေစေနိုင်သော ဘက်တီးရီးယားများ (Salmonella, E. coli, Listeria) အထိ ပါဝင်ပြီး စားသုံးမိပါက လူ၏ ဘဝတစ်လျှောက်လုံး ထိခိုက်စေသော ဝေဒနာများကို ဖြစ်ပွားစေနိုင်သည်။ ရေတို အစာအဆိပ်သင့်ခြင်း၊ ဓာတ်မတည့်ခြင်းမှသည် ရေရှည်၌ အသည်းပျက်စီးခြင်း၊ အာရုံကြောစနစ် ထိခိုက်ခြင်း၊ ကင်ဆာရောဂါအထိ ဆိုးကျိုးများ ခံစားရနိုင်သည်။

              ဤအရေးကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းရန်မှာ နိုင်ငံအလိုက် စားသောက်ကုန် ဘေးကင်းရေး ဥပဒေများကို ပြုပြင်ပြောင်းလဲခြင်း၊ နယ်စပ်စစ်ဆေးရေးယန္တရားများ ခေတ်မီမြှင့်တင်ခြင်း၊ လိုင်စင်မဲ့ ထုတ်လုပ်သူများအား ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခြင်းနှင့် အရေးကြီးဆုံးသော စားသုံးသူ ပြည်သူများ၏ အသိပညာကို မြှင့်တင်ခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ရန် လိုအပ်သည်။

"လိုင်စင်မရှိသော စားသောက်ကုန်တိုင်းသည် ထိုသူ၏ ကျန်းမာရေးကို လောင်းကြေး ထပ်ခြင်းပင် ဖြစ်သည်" ။ စားသုံးသူတိုင်းသည် မိမိဘေးကင်းရန် ဆန္ဒရှိပါက ဝယ်ယူသည့် ထုတ်ကုန်တိုင်းတွင် တရားဝင် FDA တံဆိပ်၊ သက်တမ်းရက်စွဲနှင့် ကုမ္ပဏီအချက်အလက်များ စစ်ဆေးခြင်းကို အလေ့အကျင့်ပြုရန် လိုအပ်ပါသည်။ အစိုးရများသည် ကြီးကြပ်ရေး တာဝန်ဝတ္တရား များတွင် အားနည်းချက်များရှိနေသော် လည်း ပြည်သူများ၏ သတိရှိရှိ ဝယ်ယူမှုနှင့် တိုင်ကြားမှုများသည် ဤအန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။မည်သည့် စားသောက်ကုန်ကိုမဆို ပထမဆုံး "တရားဝင်လိုင်စင်ရှိပါသလား" ဟု သံသယရှိစွာ မေးမြန်းတတ်သည့် အလေ့အထသည် အသက်ကို ဘေးအန္တရာယ်မှ ကာကွယ်နိုင်မည့် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး သော့ချက်ဖြစ်ပါကြောင်း လေ့လာသိရှိသမျှအား ရေးသားတင်ပြ လိုက်ရသည်။

DOCA(ပဲခူး)