Main menu

တောင်ငူခရိုင် မိုးစပါးရိတ်သိမ်းပြီးစီးတော့မည်

Powered by Drupal

         တောင်ငူခရိုင်တွင် မိုးစပါးစိုက်ဧရိယာမှာ ၄၅၂၂၂၀ ဧကရှိရာ နိုဝင်ဘာလကုန်အထိ ၄၀၉၅၂၉ ဧက ရိတ်သိမ်းပြီးစီးပြီးဖြစ်၍  စိုက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းရိတ်သိမ်းပြီးစီးပြီး ရိတ်သိမ်းရန် ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိပါတော့သည်။ ကွက်ကောက်အထွက်နှုန်းအရ ၇၀.၃၆ တင်းရှိကြောင်း သိရှိရပါသည်။ ယခုရိတ်သိမ်းပြီးစီးသည့်အထိ တောင်ငူခရိုင်အနေဖြင့် စပါးတင်း ၉၆ သိန်း ခန့် ပိုလျှံနေပြီးဖြစ်ပါသည်။

              လက်ရှိကာလ ဒေသပေါက်စပါးဈေးမှာ ဒေသတွင်းအရောင်းအဝယ်ပြုလုပ်နေသည့် ၄၈ ပေါင်တစ်တင်း ၁၀၀ လျှင် ၁၂၅၀၀၀၀ ကျပ်ရှိသဖြင့် ၄၆ ပေါင်ဖြင့်တွက်လျှင် စပါးတင်း ၁၀၀ လျှင် ၁၁၉၇၀၀၀ ကျပ်ရှိသည်ကို တွေ့ရှိရပါသည်။ တောင်သူအများစုမှာ ထွက်ရှိသောစပါးများကို ပွဲစား ကုန်သည်များသို့ တိုက်ရိုက်ရောင်းချကြပြီး တောင်သူအချို့မှာ စက်ရုံသို့ သယ်ယူ၍ ကြိတ်ခွဲပြီး မှ ထွက်ရှိသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပြန်လည်ရောင်းချသည်ကို တွေ့ရှိရပါသည်။ တောင်သူအချို့မှာမူ ပိုလျှံစပါးများကို ခေတ္တသိုလှောင်ထားပြီး စပါးရာသီကုန်ချိန်ဖြစ်သည့် မတ်၊ ဧပြီလမှ ရောင်းချကြသည်ကို တွေ့ရှိရပါသည်။

         စပါးကို တိုက်ရိုက်ရောင်းချခြင်းထက် ကြိတ်ခွဲပြီး ထွက်ရှိသည့် ဆန်နှင့်ဆန်ထွက် ပစ္စည်းကို ပြန်လည်ရောင်းချခြင်းက အကျိုးအမြတ် အနည်းငယ်ပိုမိုရရှိကြောင်း သိရှိရပါသည်။  ကြိတ်ခွဲထွက်ရှိသော ဆန်များကို မန္တလေးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချကြပါသည်။ လက်ရှိ ဒေသ ပေါက်ဈေးမှာ ဧည့်မထဆန် အလတ်စ တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ရှိကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)