
မိုးရာသီအစပြုလာသည့်နှင့်အမျှ သဘာဝတောထွက်စားသုံးနိုင်သော မှိုအမျိုးမျိုး ထွက်ရှိလာ ပြီဖြစ်၍ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း ၊တနိုင်းနှင့် ပူတာအိုဒေသ များရှိ မှိုဈေးကွက်များတွင် အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်သည် သစ်တောသဘာဝအရင်းအမြစ်ပေါကြွယ်ဝသည့် ဒေသဖြစ်ပြီး မိုးရာသီ ကာလအတွင်း မေလမှအောက်တိုဘာလအထိ မှိုအများဆုံး ပေါက်ရောက်ပြီး ဇွန်လမှ ဩဂုတ်လ အတွင်း တောင်မှို၊ ဝါးမှို၊ တောရိုင်းမှို၊ တောမှို ၊ သစ်ငုတ်မှို နှင့်အခြားစားသုံးနိုင်သော သဘာဝမှိုများ ပေါများစွာထွက်ရှိပါသည်။ဒေသခံပြည်သူများသည် တောအတွင်းမှ မှိုများကို စုဆောင်းကာ မြို့ပေါ် ဈေးကွက်များသို့ သယ်ယူရောင်းချကြပြီး မိသားစု ဝင်ငွေအတွက် အရေးပါသော ရာသီပေါ်လုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ထို့အပြင် ကချင်ရိုးရာ ဟင်းလျာများတွင် စားမှိုကို ဟင်းချို၊ မှိုကြော်၊ မှိုနှင့်အသားရောချက်၍လည်းကောင်း၊ မှိုအစပ်ချက်အဖြစ်လည်းကောင်း အသုံးပြုကြသည်။
ကချင်ပြည်နယ်၏ ရာသီဥတုသည် မှိုစိုက်ပျိုးရန် သင့်လျော်သဖြင့် ငွေနားရွက်မှို၊ ရှီတာကေးမှို နှင့်ကောက်ရိုးမှိုများကို စီးပွားဖြစ်စိုက်ပျိုးကြကာ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိကြသည်။ ထို့ကြောင့် မှိုစိုက်ပျိုးရေးသည် ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်း တစ်ခုအဖြစ် အစပြုလာနေပြီဖြစ်ပါသည်။
မြစ်ကြီးနားဈေးကွက်အတွင်း လတ်ဆပ်သော တောမှိုများကို အရည်အသွေးနှင့်အမျိုးအစား အလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ကျော်အထိ ရောင်းချလျက်ရှိပြီး ရှားပါးသည့် တောမှိုအမျိုးအစားများမှာ ပိုမိုမြင့်မားသည့် ဈေးနှုန်းရရှိကြောင်းသိရသည်။ “မိုးဦးကျလာသည်နှင့် တောမှိုများစထွက်လာပြီး မှိုများဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်း မှိုရောင်းချသူ တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
မှိုတွင် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအား စနစ်ကို အထောက်အကူပြုကာ ကျန်းမာရေးအတွက် အကျိုးပြုသော အစားအစာအဖြစ် လူသိများ သည်။သို့သော် အဆိပ်ရှိသော မှိုများနှင့်စားသုံးနိုင်သော မှိုများကို ခွဲခြားသိရှိရန် အရေးကြီးပြီး ကျွမ်းကျင်သူ များ၏ အကြံပြုချက်မရှိဘဲ မသေချာသော တောမှိုများကို စားသုံးခြင်းမပြုရန် ကျန်းမာရေးပညာရှင် များက သတိပေးထားပါသည်။
ကချင်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင် စားမှိုစုဆောင်းခြင်းနှင့် ရောင်းချခြင်းသည် မိသားစုဝင်ငွေ တိုးပွားစေသော လုပ်ငန်းတစ်ခုဖြစ်ပြီး မိုးရာသီတွင် စုဆောင်းရရှိသောမှိုများကို ဒေသတွင်း ဈေးများနှင့် မြို့ကြီးများသို့ သယ်ယူရောင်းချကြသည်။အချို့သော မှိုများကို အခြောက်လှန်း၍ တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကချင်)
