Main menu

ကရင်ပြည်နယ်ဒေသထွက် ရာသီစာ “အင်ဥ” ဈေးကောင်းရ

Powered by Drupal

        ကရင်ပြည်နယ်၊ဘားအံမြို့အတွင်း မိုးဦးကျကာလ သဘာဝရာသီစာ “အင်ဥ” များ ဈေးကွက် ထဲသို့ စတင်ဝင်ရောက်လာပြီး စားသုံးသူများအကြိုက်တွေ့ကာ ဝယ်လိုအားမြင့်တက်လာ၍ အင်ဥများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          အင်ဥသည် ကရင်ပြည်နယ်ရှိ အင်တိုက်တောများနှင့် တောင်ခြေများရှိ အင်ပင်အောက်ခြေ အနီးအနားမှာပေါက်သော မှိုတစ်မျိုးဟုလည်းခေါ်ကြသည်။ မိုးဦးကာလ မေ၊ ဇွန် လများတွင် သဘာဝအလျောက်ပေါက်ပြီး တစ်နှစ်ပတ်လုံးတွင်(၁)ကြိမ်တည်းသာတွေ့ရပြီး ရက်အတိအကျ မသိနိုင်ဘဲ မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိသည်။ အင်ဥတူးသူများသည် မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရေဆေးသန့်စင်ရပါသည်။ ရရှိလာသောအင်ဥကို နေ့မကူးခင် ချက်ပြုစားသုံးရပြီး နေ့ကူးသွားပါက ရင့်သွားကာ အင်ဥအရသာပြောင်း၍ စားမကောင်းတော့ပါ။

          တစ်နှစ်မှ တခါရနိုင်တဲ့မိုးရာသီရဲ့သဘာဝလက်ဆောင် အင်ဥကိုကြိုက်သူများက အသားဟင်း နဲ့ တောင်မလဲနိုင်ကြပါ။ အင်ဥကို အရွယ်တော်လေးလှီးပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ ကြော် စားစား၊ ကြက်သွန်နီ ၊ငရုတ်သီးစိမ်း၊ သံပုရာသီးတို့နှင့်သုပ်စားစား၊ ကွန်စွန်းရွက်နဲ့ ကြော်စားစား၊ ဟင်းရည်အဖြင့်လည်းပြုလုပ်စားသုံးပါက ထမင်းမြိန်စေပါသည်။ အင်ဥမှာလူတို့၏ ကျန်းမာရေး အတွက် အကျိုးပြုတဲ့ ဗီတာမင်B၊ ဗီတာမင်D၊ ပိုတက်ဆီယမ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဓာတ်တိုး ဆန့်ကျင်အာနိသင်တွေကြွယ်ကာ အာဟာရဓာတ်များစွာပါဝင်သည်။

၂၀၂၆ ခုနှစ် ၊ဇွန်လ ဒုတိယပတ်တွင် ဘားအံမြို့ပေါ်ရေးပေါ်ဈေးအတွင်း ဖြစ်ပေါ်လျက်ရှိသော အင်ဥဈေးနှုန်းမှာ အင်ဥတစ်ပြည်လျှင် (၅၅၀၀၀) ကျပ်၊ နို့ဆီဘူး(၄)လုံးလျှင် (၃၀၀၀၀)ကျပ်နှင့် နို့ဆီးဘူး(၁)ဘူးလျှင် (၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရာသီဦးစဖြစ်၍ ယခုကဲ့သို့ ဈေးကောင်းရရှိခြင်းဖြစ်ကာ ဒေသခံကျေးလက်နေပြည်သူများအတွက် မိသားစုအပိုဝင်ငွေ တိုးလျက် ရှိကြောင်း သိရသည်။

DOCA(ကရင်)