
တောင်သာမြို့နယ်၊ ထန်းပင်ကန်ကျေးရွာရှိ ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲတောင့်ရှည် ဟင်းသီးဟင်းရွက်ပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားကြောင်းသိရှိရသည်။ ပဲတောင့်ရှည်များစိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများကိုသာစိုက်ပျိုးကြောင်း၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်နှုန်းပိုကောင်းကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေတွင် စိုက်ပျိုးပြီး ထွန်ရေး အသင့်အတင့်ဖြင့် စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့် တစ်တန်း သုံးပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉-၁၀) လက်မခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များ ရှည်လာသောအခါ အနည်းဆုံး(၇)ပေ ခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်) သစ်သား တိုင်များကို အပင်၏တိုင်ခြေတွင် ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး (၃၀)ရက် အကြာတွင် ပဲတောင့်ရှည်များကို အစေ့နုသောအချိန်တွင် ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစား ပေါ်မူတည်ပြီး တစ်ဧကလျှင် အထွက်နှုန်း (၄၀၀) ပိဿာ ခန့်ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ ၊မြေပြင်ခ၊ ဝါးဖိုး၊ စိုက်ပျိုးစရိတ်အပါအဝင် (၁,၀၇၀,၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇွန်လဒုတိယပတ်၌ စိုက်ခင်းရောင်းဈေးမှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ခန့်ဖြင့်ရောင်းချကြောင်း၊ ကုန်စိမ်းပွဲစားများကိုယ်တိုင် စိုက်ခင်းသို့ လာရောက်ဝယ်ယူ ကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေး၌ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့်ရရှိကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၆၅၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကာလတိုအတွင်း စီးပွားရေးတွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ထန်းပင်ကန်ကျေးရွာမှ ပဲတောင့်ရှည်စိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။
DOCA(မန္တလေး)
