Main menu

ရေးမြို့နယ်၏ ဇွန်လအတွင်း ရာသီသီးနှံဖြစ်သည့် မင်းဂွတ်သီး ထွက်ရှိရောင်းချမှု

Powered by Drupal

            ရေးမြို့နယ်သည် မိုးများသောဒေသဖြစ်သောကြောင့်ဥယျာဉ်ခြံစိုက်ပျိုးရန် အကောင်း ဆုံးဒေသတစ်ခုဖြစ်ပါသည်။ ဥယျာဉ်ခြံများ၏ (၅၀) ရာခိုင်နှုန်းတွင် မင်းဂွတ်သီးကို ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးရေဖလာစိုက်ပျိုးရေးစနစ်ဖြင့်သာ စိုက်ပျိုးကြပါသည်။ ဒေသခေါ်အရိုင်းပင်များဖြစ်သည့် သက်တမ်းရင့်အပင်များမှ ခူးယူရရှိသော အသီးများသည် အရသာနှင့်ပြည့်စုံမှုရှိပါသည်။

          ယခုနှစ်အတွင်း ကြုံတွေ့ရတဲ့ အယ်လ်နီညို (EL Nino) အရှိန်ကြောင့် အပူရှိန် ပြင်းထန်ခြင်းကြောင့် အသီးတင်နှုန်းကို အနည်းငယ်ထိခိုက်စေခဲ့ပါသည်။ အပူလွန်ကဲမှု ကြောင့် အသီးအချို့ အပင်ပေါ်တွင် ခြောက်သွေ့သွားခြင်းများရှိပါသည်။ ခြံအချို့တွင် အသီး တင်နှုန်း ကောင်းမွန်သော်လည်း ယေဘုယျအားဖြင့် ရာသီဥတုဒဏ်ကြောင့် ယခင်နှစ်ပုံမှန် ထွက်နှုန်းထက် ၁၀ % မှ ၁၅ % ခန့် လျော့ကျကြောင်း ဒေသခံ တောင်သူအချို့က ခန့်မှန်း ကြသည်။ မေလကုန်မှ ဇူလိုင်လအတွင်း မင်းဂွတ်သီးလှိုင်လှိုင်ထွက်သည့် အချိန် ဖြစ်သည်။ အသီးထွက်စတင်ထွက်ချိန်တွင် ရောင်းတန်းဝင်တစ်လုံးကို (၅၀၀) ကျပ်မှ (၈၅၀) ကျပ်အထိရရှိခဲ့ပြီး အသီးလှိုင်လှိုင်ထွက်ချိန်တွင် ရောင်းတန်းဝင်အသီးတစ်လုံးကို (၁၁၀) ကျပ်မှ (၂၈၀) ကျပ်အထိ ရရှိပါသည်။

          မင်းဂွတ်သီးကို ဒေသတွင်းဝယ်ယူစားသုံးရာတွင်အဆင်ပြေသော်လည်း မင်းဂွတ်သီး တောင်သူတွေ ရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲတွေကတော့ သယ်ယူပို့ဆောင်ရေး၊ လုပ်သားအင်အား၊ နည်းပညာလိုအပ်ချက်ကြောင့် အသားဖန်ခြင်းနှင့် အစေးဝင်ခြင်းတို့ဖြစ် လေ့ရှိပါသည်။ မင်းဂွတ်သီးသည် ဒူးရင်းသီးထက် ပိုမိုနုနယ်ပြီး အခွံပွန်းပဲ့လွယ်သည့်အတွက် သယ်ယူစရိတ်အပြင် စနစ်တကျထုပ်ပိုးမှုစရိတ်ကလည်းကုန်ကျစရိတ်ပိုများစေပါသည်။ အသီးခူးဆွတ်ရာတွင်လည်း ကျွမ်းကျင် လုပ်သားလိုအပ်ပြီး လုပ်အားခဈေးနှုန်း မြင့်တက်လာခြင်းက အမြတ်အစွန်းကိုလျော့နည်းစေသည်။ မိုးဦးကျချိန်တွင် မိုးများလွန်းလျှင် မင်းဂွတ်သီး “အသားဖန်ခြင်း”နှင့် “အစေးဝင်ခြင်း” ပြဿနာများကြောင့် အသီးအရည်အသွေး ကျဆင်းတတ်ပါသည်။

          ရေးမြို့နယ်ထွက် မင်းဂွတ်သီးမှာ ဓာတုဆေးဝါးအသုံးနည်းပြီး သဘာဝအတိုင်း စိုက်ပျိုးမှုများကြောင့် စားသုံးသူများက ပိုမိုယုံကြည်စိတ်ချစွာ ဝယ်ယူကြပါသည်။ အထူးသဖြင့် ဒူးရင်းသီးနှင့်မင်းဂွတ်သီးကို တွဲဖက်စားသုံးလျှင် အပူငြိမ်းအေးသည်ဟုယူဆကြသဖြင့် ဒူးရင်းသီးထွက်ရှိချိန်တွင် မင်းဂွတ်သီးကို တွက်ဖက်ဝယ်ယူကြသဖြင့် တောင်သူတွေအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေပါသည်။ ၂၀၂၆ ခုနှစ် ရေးမင်းဂွတ်သီး ဈေးကွက်သည် ဈေးနှုန်းတည်ငြိမ်မှုရှိ သော်လည်း ရာသီဥတုကြောင့် အထွက်နှုန်း အနည်းငယ် လျော့ကျနိုင်သည့် အခြေအနေ ရှိနေကြောင်း သိရှိရပါသည်။

DOCA (မွန်)