
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးသုံးသွင်းအားစုများ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူမိဘပြည်သူများ နစ်နာမှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမျိုးဝင်းသန်းတို့ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိစိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသော စိုက်ပျိုးရေးဆေးဝါးများနှင့် ပတ်သက်၍ တရားဝင်ရောင်းချခွင့် လိုင်စင်များ စနစ်တကျလျှောက်ထားရယူထားခြင်းရှိ/မရှိ၊ သုံးစွဲရန် တားမြစ်ထားသော ဓါတုပိုးသတ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်စည်များကို ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းရှိ/ မရှိနှင့် လက်ရှိပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် ကုန်စည်ဝယ်ယူမှုအခြေအနေနှင့် သိုလှောင်ရုံရှိ ပစ္စည်းလက်ကျန် အခြေအနေများ၊ ဆေးဝါးများပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ တို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ပိုင်ရှင်များအနေဖြင့် ဥပဒေနှင့် မလွတ်ကင်းသော စိုက်ပျိုးရေးဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းများကိုမြှင့်တင်ခြင်းမပြုဘဲ ပုံမှန်အတိုင်းရောင်းချပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
