Main menu

“ပြင်ဦးလွင်မြို့ရဲ့ဆွယ်တာစျေးကွက်”

Powered by Drupal

          ၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ရဲ့နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာလသည် ယခင်နှစ်များထက် ပြင်ဦးလွင်၌ အအေးဓါတ်ပိုမိုသည့်နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိဆွယ်တာ ဆိုင်တွေမှာ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များဖြင့်စည်ကားပြီး ဆွယ်တာအထည်များရောင်း ဝယ်အားမှာ ယခင်နှစ်တွေထက်များပြားကြောင်းလေ့လာတွေ့ရှိရပါသည်။

          ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးတစ်ခုဖြစ်ပြီး အေးမြတဲ့ရာသီဥတုကိုပိုင်ဆိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ လည်ပတ်အပန်းဖြေစရာနေရာစုံရှိပြီး ဆွယ်တာအနွေးထည် ကဲ့သို့ ဒေသထွက်အမှတ်တရပစ္စည်းများစွာ ထွက်ရှိသည့်မြို့ဖြစ်ပါသည်။ ဝန်ကြီးဌာန၏SMSလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၉ခုနှစ်မှစတင်ကာ မြို့နယ်အတွင်းရှိ ဆွယ်တာလုပ်ငန်း ရှင်များအားစုဖွဲ့ကာ ဆွယ်တာထုတ်လုပ်သူများအသင်းအစုအဖွဲ့ စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုအခါတွင် ပန်းချယ်ရီဆွယ်တာသမအသင်းအမည်ဖြင့်လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။

          အသင်းစုတွင် လုပ်ငန်းရှင်(၆၅)ဦးနှင့်လုပ်သားဦးရေ(၂၃၀)ဦးရှိပြီး ဆွယ်တာစက်အလုံး ရေ(၂၀၀)ဖြင့် လက်ခစားနဝလီအနေဖြင့် ထုတ်လုပ်လည်ပတ်လျက်ရှိပါသည်။ပြင်ဦးလွင်မြို့ပေါ်ရှိ ဆွယ်တာဆိုင်ကြီးများနှင့်မန္တလေးကုန်သည်များသည် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းချည်ခင်များအား ဝယ်ယူ၍ ဆွယ်တာထုတ်လုပ်သူလုပ်ငန်းရှင်များထံသို့ မိမိကြိုက်နှစ်သက်သည့်ဒီဇိုင်းများအား လက်ခစျေးနှုန်းညှိနှိုင်းအပ်နှံကြခြင်းဖြစ်ပါသည်။ လက်ခစျေးနှုန်းအနေဖြင့် အနိမ့်ဆုံးတစ်ထည်လျှင် (၉၀၀/-)ကျပ်နှင့်အမြင့်ဆုံး(၂၁၀၀/-)ကျပ်အထိ စျေးနှုန်းရှိပါသည်။ကုန်ကြမ်းချည်စျေးမှာ ယခု လက်ရှိ (၁)ပေါင်လျှင်(၆၇၀၀/-)ကျပ်စျေးပေါက်နေပါသည်။

          လုပ်ငန်းရှင်များ၏ အကျိုးအမြတ်မှာ အနိမ့်ဆုံး ဆွယ်တာတစ်ထည်လက်ခ(၉၀၀/-)ကျပ်တွင် လုပ်သားခ(၄၅၀/-)ကျပ်ပေးရ၍အသားတင်အမြတ် (၄၅၀/-) ကျပ်ကျန်ပြီးအမြင့်ဆုံးလက်ခ  (၂၁၀၀/-) ကျပ်တွင် လုပ်သားခ(၁၆၀၀/-)ကျပ်ပေးရ၍ အသားတင်အမြတ်(၅၀၀/-)ကျပ်ကျန်ရှိကြောင်း တွေ့ ရှိရပြီး တစ်ရက်လျှင် ဆွယ်တာအထည် ကလေးအထည် (၁၅၀၀ )နှင့် လူကြီးအထည် (၆၅၀)ထည် ယက်လုပ်နိုင်သောကြောင့်တစ်လလျှင် ကလေးအထည်(၄၅၀၀၀) နှင့် လူကြီးအထည်(၁၉၅၀)ထည် လုပ်နိုင်မှုအင်အားရှိပါသည်။

          ဆွယ်တာလုပ်ငန်းရှင်များ၏ အကျိုးအမြတ်အနေဖြင့် ယခုလက်ရှိဆွယ်တာ ကုန်ကြမ်းချည် (၁)ပေါင်လျှင်(၆၇၀၀/-)ကျပ်ရှိပြီး ကလေးအထည်(၄)ထည်ဆိုဒ်ယက်လုပ်နိုင်ပြီး ချည်းဖိုးနှင့် လက်ခ စုစုပေါင်း(၁၀၃၀၀/-)ကျပ်ကျသင့်ပြီး ပြန်လည်ရောင်းချရာတွင် တစ်ထည်လျှင် (၄၀၀၀/-)ကျပ်စျေး ရရှိ၍ချည်(၁)ပေါင်လျှင် အသားတင်အမြတ်ငွေ(၅၇၀၀/-)ကျပ်ရရှိကြောင်း ဆွယ်တာဆိုင် များ၏ လက်ရှိရောင်းဝယ်မှုစျေးကွက်အရသိရှိရပါသည်။

          လက်ရှိဆွယ်တာစျေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့ရှိဆိုင်ကြီးများနှင့် ကန်တော်ကြီး၊ဘီအီး ရေတံခွန်၊ပိတ်ချင်းမြောင်လှိုင်ဂူတော်၊တရုတ်ဘုံကျောင်းစသည့် အထင်ကရနေရာများတွင်ရောင်းချ

နေပြီး မန္တလေးကုန်သည်အများစုအနေဖြင့်(၁၀)ရက်တစ်ခါလာရောက်၍ ၄င်းတို့အပ်ထည်များကို သယ်ယူပြီး မန္တလေးစျေးချိုတော်ဆိုင်များမှ တစ်ဆင့်နယ်မြို့များသို့ပြန်လည်ဖြန့်ဖြူးရောင်းချလျှက် ရှိကြောင်းသိရှိရပါသည်။

          ပြင်ဦးလွင်မြို့နှင့်ဆွယ်တာအထည်ဟာခွဲခြားမရသလို ပြင်ဦးလွင်မြို့သို့ အပန်းဖြေဘို့ဘဲ လာလာ၊အလုပ်ကိစ္စဖြင့်လာလာ အိမ်အပြန်လက်ဆောင်ဆိုလျှင် ပြင်ဦးလွင်ဆွယ်တာလေးကတော့ မဖြစ်မနေဝယ်ယူသွားကြတာမို့ မရိုးနိုင်တဲ့ဓလေ့အဆင့်အလာလေးတစ်ခုဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)