
အင်ဥဆိုသည်မှာ အင်ပင်တွေရဲ့အောက်မှာ တွေ့ရတဲ့ မှိုတစ်မျိုးပဲဖြစ်ပါသည်။ အင်ဥမှာ တစ်နှစ်ပတ်လုံးတွင် မိုးဦးကာလတွင်သာပေါ်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ အပြားတွင် ပေါက်ရောက်ပြီး ရာသီပေါ်မှသာ စားရသော မှိုတစ်မျိုးလည်းဖြစ်ပါသည်။ အင်ဥမှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်သောကြောင့် အခြားမှိုများကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည့် အာဟာရဓာတ်များ ပါဝင်ပါသည်။ မြန်မာနိုင်ငံ ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးကာဖြစ်သော မေလနှင့် ဇွန်လများတွင် အင်ဥများ ပေါများစွာတွေ့ ရတတ်ပါသည်။ တစ်နှစ်တွင် တစ်ကြိမ်သာစားရ သည့်အတွက် စားသုံးသူများမှ ဈေးကြီးပေး၍ ဝယ်ယူစားသုံးရသော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။ ယခုဇွန်လဆန်းတွင် ပြည်ဈေးကွက် တွင် မိုးဉီးကာလဖြစ်သည့်အတွက် အင်ဥများ လှိုင်လှိုင် ပေါ များလာသည့်အတွက် စားသုံးသူများ အနေဖြင့် စိတ်ကြိုက်ဝယ်ယူစားသုံးလာနိုင်ကြပါသည်။ အင်ဥမှာ သစ်ယာဥနှင့် ဆင်တူသော်လည်း အင်ဥအစစ်မှာ အခွံအမဲ (သို့မဟုတ်) အညိုရောင်ရှိပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသားများ မကပ်ဘဲ အင်ဥလုံးလေးတွေကို ရေနဲ့သေချာစွာ ပွတ်ဆေး ပါက အင်ဥအလုံးတွေ မကွဲတတ်ပါ။ သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသော ကြောင့် ရေအများဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ကွဲထွက်သွားပြီး အရသာမှာ အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။ အင်ဥများကို ရေစင်အောင်ဆေးကြော၍ အစိမ်း အတိုင်းသုပ်စားကြသူများရှိသလို၊ ကြက်သား/ ဝက်သားတို့ဖြင့် ကြော်ချက်ခြင်း၊ ငါးပိချက်ခြင်း၊ ဟင်းချည်ရည်အဖြစ်လည်းကောင်း၊ အင်ဥကို လယ်ကန်ဇွန်းရိုးနီဖြင့် ငရုတ်သီးစပ်စပ်ဖြင့် လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။ အင်ဥကို ပြည်မြို့ရှိ နိဗ္ဗိဒတောနှင့် အောင်မြင်မာဟု တို့ဘက်မှလည်းကောင်း၊ ပန်းတောင်း၊ ချောင်းကောင်းစသောမြို့နယ်များမှလည်းကောင်း၊ မှော်ဇာ၊ ဆင်မြီးဆွဲနှင့် အခြားမြို့နယ်များ ရရှိပြီး ပြည်မြို့မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ကိုယ်တိုင်သော်လည်းကောင်း၊ တစ်ဆင့်ခံအသည်များဖြင့်လည်းကောင်း လာရောက်ရောင်းချ ကြပါသည်။ အင်ဥပေါ်ခါစ တွင် ပြည်မြို့ရှိဈေးများတွင် နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၆၀၀၀ - ၇၀၀၀) လောက်ရှိသောလည်း ယခုလ ဇွန်လပထမပတ်တွင် အင်ဥများပေါ်များလာသဖြင့် အင်ဥနို့ဆီဘူး တစ်ဘူးလျှင် ကျပ် (၄၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
