Main menu

အသင့်စားမုန့်အမျိုးမျိုး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များနှင့် အသင့်စားမုန့်ရောင်းချသည့် ဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

      စစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ အသင့်စားမုန့်အမျိုးမျိုး ရောင်းချသောဆိုင်များမှ ကုန်စည်များကို ကုန်စည်၏အမည်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ အသားတင်ပမာဏ၊ ပါဝင်ပစ္စည်းများ၊ ထားသိုသိမ်းဆည်းနည်း၊ သတိပေးချက်များနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စိစစ်ဆောင်ရွက်ခြင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များက ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)