ပြည်ဈေးကွက်သို့ ကြက်သွန်နီအသစ်များသာ ဝင်ရောက်မှုရှိနေပြီး ကြက်သွန်နီအဟောင်းမှာ ဝင်ရောက်မှုမရှိတော့ဘဲ ကျန်ရှိနေသေးသည့် လက်ကျန်အဟောင်းများဖြင့်သာ ရောင်းဝယ်မှုရှိနေပါသည်။ ပွဲရုံများသို့ ရေနံချောင်း၊ ကျောက်ပန်းတောင်းနှင့် မြင်းခြံဘက်တို့မှ ကြက်သွန်နီအသစ်များ (၂၅)ပိဿာဝင် အိတ် ၄၀၀/၅၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်ရော အဟောင်းပါ ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နယ်ကျော်စီးဆင်းမှုအဖြစ် သာယာဝတီခရိုင်၊ မြန်အောင်၊ ကြံခင်း၊ ဥသျှစ်ပင် (ပန်းတောင်း)၊ ရခိုင်ပြည်နယ်တို့သို့ စီးထွက်မှုရှိနေသည်။ ဈေးနှုန်းမှာ ကြက်သွန်နီ အဟောင်း အနေဖြင့် အရည်အသွေးကောင်းလျှင် တစ်ပိဿာကျပ် ၅၅၀၀-၅၃၀၀ ထိရရှိပြီး အစို့ပေါက်အရည်အသွေးမကောင်းလျှင် ကျပ် ၄၅၀၀-၄၈၀၀ နှုန်းများဖြင့် ရောင်းချမှုရှိနေပါသည်။ ကြက်သွန်နီသစ်ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ကျပ် ၂၇၀၀-၃၂၀၀-၃၅၀၀ နှုန်းများဖြင့် ရောင်းချမှုရှိနေပြီး လက်လီဈေးအသေးများတွင် ၃၆၀၀-၃၈၀၀-၄၀၀၀ကျပ် နှုန်းများဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါသည်။
ကြက်သွန်နီသီးနှံကို ပြည်မြို့ဒေသတဝိုက်ဖြစ်သော မှော်ဇာ၊ ကုန်းရိုး၊ မထော၊ ရွာမ၊ တွင်းဗြည်း၊ တောင်လုံးညို၊ ခွေးရဲ အစရှိသောရွာများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက် ရှိပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်၊ ဧပြီလများတွင် တူးဖော်မည်ဖြစ်ပါသည်။ ဖော်ပြပါရွာများတွင် စိုက်ဧက(၁၅၀)ခန့်ရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၆သိန်း ခန့်မှန်းကုန်ကျကြောင်းလည်း သိရှိရပါသည်။
DOCA(ပဲခူး)