Main menu

ဘားအံမြို့ဒေသထွက် ကောက်ရိုးမှိုစိုက်ပျိုးမှု အခြေအနေ

Powered by Drupal

          ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကောက်ရိုမှိုစိုက်ပျိုးရောင်းဝယ်ရာတွင်  ဈေးကွက်ဖြစ်ထွန်း နေပြီး မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိသည်။ ဘားအံမြို့ပေါ်နှင့်မြို့အနီးချုပ်စပ် ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှု လုပ်ငန်းသည် စားသုံးသူဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း ပိုမိုဖြစ်ထွန်းအောင်မြင်လာကာ  ဒေသခံပြည်သူများအ တွက် မိသားစုအပိုဝင်ငွေရရှိစေသည့် အဓိကစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့်အနီးနားရွာများရှိ စိုက်ပျိုးရေးတောင်သူများသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရင်းနှီး မတည်ငွေနည်းပါးသည့် ကောက်ရိုးမှိုကို အိမ်နောက်ဖေးကွင်းပြင်များနှင့် မှိုရုံငယ်များ ဆောက်လုပ်၍ တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်အထိ စိုက်ပျိုးလာကြသည်။ ဒေသခံတောင်သူများသည် သဘာဝ ကောင်ရိုးများအပြင် လွှစာမှုန့်၊ ဗေဒါနှင့်နှမ်းရိုးများကို အသုံးပြု၍စိုက်ပျိုးကြသည်။ ကောက်ရိုးမှို၏ သက်တမ်းနှင့်အထွက်နှုန်းကတော့ မှိုမျိုးစေ့ထည့်သွင်းပြီးနောက် ၁၂ရက်မှ ၁၅ရက်အတွင်း စတင် ခူးဆွတ်နိုင်ကာ စိုက်ပျိုးမှုစနစ်မှန်ကန်ပါက ကောက်ရိုးတစ်ပုံလျှင် မှိုပိဿာချိန် အတော်အတန် ထွက် ရှိသဖြင့် အရင်းအနှီးမြန်ဆန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ဘားအံမြို့မဈေး၊ သိရိဈေး၊ ရေပေါ်ဈေး၊ ရဲပေါ်ဈေးနှင့်မဲဘောင်ဈေးတို့တွင် ကောက်ရိုးမှိုသည် နေ့စဉ်မပြတ်အရောင်းအဝယ် ဖြစ်နေသည့် အသားဟင်းအစားထိုး အစားအစာတစ်ခုဖြစ်သည်။ အရသာကောင်းမွန်ခြင်းကြောင့် ကောက်ရိုးမှိုကို အိမ်ထောင်စုများနှင့် ဟိုတယ်များကပါ အဓိကမှာယူလျက်ရှိကြသည်။ ဘားအံမြို့ရှိ ကောက်ရိုးမှိုက ဈေးကွက်ပျက်လေ့မရှိပါ။ ခူးပြီးတာနဲ့မြို့ပေါ်ဈေးများသို့ တန်းပို့ရောင်းရသလို အဝယ်ဒိုင်တွေကလည်း စိုက်ခင်းအထိဆင်းဝယ်ကြသည်။ ဘားအံမြို့ရှိ ကောက်ရိုးမှို ဈေးနှုန်းများမှာ ရာသီဥတုနဲ့ အထွက်နှုန်း အပေါ်မူတည်ပြီး တစ်ပိဿာကို  (၈၀၀၀)ကျပ်မှ(၁၅၀၀၀)ကျပ် ဝန်းကျင် အထိ ဈေးကောင်းရလျက် ရှိကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးမှုသည် တွက်ချေကိုက်သည့် လုပ်ငန်း ဖြစ်သော်လည်း ရာသီဥတု ဒဏ်ကို အလွန်ခံရလွယ်သည်။ နွေရာသီတွင် အပူရှိန်ပြင်းလွန်းခြင်းနှင့် မိုးရာသီတွင် စိုထိုင်းဆများ လွန်ခြင်းတို့ကြောင့် အပူချိန်ထိန်းညှိမှုစနစ်ကို ဂရုစိုက်ရကြောင်း၊ ယခင် ဒေသတွင်း မှိုမျိုးစေ့ အရည် အသွေးကောင်းမွန်ရန် လိုအပ်နေသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနနှင့် နည်းပညာသိပ္ပံများ ၏ အကူအညီများကြောင့် စိုက်ပျိုးသူများ နည်းပညာပိုမိုရရှိလာကာ အထွက်နှုန်း ပိုမိုကောင်းမွန် လာကာ ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုရုံသာမက စွန်ပစ်ကောက်ရိုးများကိုပါ အကျိုးရှိရှိအသုံးချပြီးတာဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

DOCA(ကရင်)