
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသတွင်း ပင်လယ်စာရောင်းဝယ်ရေး ပွဲရုံ များနှင့် မြို့မဈေးကွက်အတွင်းသို့ သံဖြူဇရပ်၊ ကျိုက္ခမီနှင့် ရေးမြို့နယ်တို့မှ တင်သွင်းလျက်ရှိ သည့် ကင်းပုဇွန်၊ ရေဘဝဲနှင့် ကင်းမွန်အပါအဝင် အဆင့်မြင့် ပင်လယ်ရေထွက်ကုန်များမှာ သယ်ယူပို့ဆောင်ရေးစရိတ်များပြားမှုနှင့် လမ်းခရီးကြန့်ကြာမှုများကြောင့် ကုန်စည် ဝင်ရောက်မှုလျော့နည်းကာ အိမ်နီးချင်း မြို့နယ်များထက် ပေါက်ဈေးမြင့်မားလျက် ရှိကြောင်း ဒေသခံ ရေထွက်ကုန်သည်များထံမှ သိရသည်။
ကုန်စည်အမျိုးအစားအလိုက် ဖြစ်ပေါ်နေသော ကုန်စည်ဒိုင်/ပွဲရုံ ရောင်းဈေးများမှာ ကင်းပုဇွန်(Lobster/Crayfish) အစို(ဆိုဒ်ကြီး) ၁ ပိဿာလျှင် ကျပ် (၇၅၀၀၀) မှ (၉၅၀၀၀) ခန့်၊ အစို (ဆိုဒ်လတ်/သေး) ၁ ပိဿာလျှင် ကျပ် (၅၅၀၀၀) မှ (၆၅၀၀၀) ခန့်ရှိနေပြီး ဈေးကွက်အခြေအနေအရ ကင်းပုဇွန်သည် ဈေးနှုန်းကြီးမြင့်သည့်အပြင် ပုပ်သိုးလွယ်သည့် ကုန်စည်ဖြစ်သဖြင့် ပွဲရုံများအနေဖြင့် စားသောက်ဆိုင်ကြီးများနှင့် အော်ဒါမှာယူမှုများ အတွက်သာ အကန့်အသတ်ဖြင့် တင်သွင်းရောင်းချလျက်ရှိသည်။
ရေဘဝဲ (Octopus) ဈေးနှုန်းအနေဖြင့် ယခုရက်ပိုင်းအတွင်း ရေဘဝဲအစို ၁ ပိဿာ လျှင် ကျပ် (၂၈၀၀၀) မှ (၄၂၀၀၀) ခန့်၊ ရေဘဝဲ အခြောက်/မီးကင် ၁ ပိဿာလျှင် ကျပ် (၅၂၀၀၀) မှ (၆၅၀၀၀) ထိရှိနေကာ ရေဘဝဲအစိုမှာ ဒေသတွင်း စားသောက်ဆိုင်များ အရောင်းအဝယ်ပုံမှန်ရှိပြီး အခြောက်နှင့် မီးကင်အမျိုးအစားများမှာ ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ အဝယ်များသည့် ဒေသထွက် လက်ဆောင်ကုန်စည်အဖြစ် အဓိက အရောင်း အဝယ်ဖြစ်နေသည်။
ကျိုက်ထိုမြို့နယ်သည် ပင်လယ်ထွက်ရှိရာ ကမ်းရိုးတန်းနှင့် တိုက်ရိုက် မထိစပ်သဖြင့် ရေထွက်ကုန်များအားလုံးကို မွန်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များမှ တဆင့် တင်သွင်းရ ခြင်းဖြစ်သည်။ လက်ရှိတွင် ရေခဲစရိတ်၊ စက်သုံးဆီစရိတ်နှင့် လမ်းကြောင်း စစ်ဆေးမှု ဂိတ် စရိတ်များ မြင့်တက်နေခြင်းကြောင့် မူရင်းကမ်းလွန် ရောင်းဈေးထက် သယ်ယူစရိတ် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုကုန်ကျနေကြောင်း၊ ထို့ကြောင့် ရေထွက်ကုန် ပွဲရုံများ အနေဖြင့် အစိုအမျိုးအစားများထက် အခြောက်နှင့် ပြုပြင်ပြီး ကုန်စည်များကို ပိုမို ဦးစားပေး တင်သွင်းနေကြကြောင်း သတင်းရရှိသည်။
DOCA (မွန်)
