
အထက်ဌာန၏ ညွှန်ကြားချက်အရ (၄-၈-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေနှင့်အညီ ဆေးဝါးရရှိမှုနှင့် ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်ရှိ လက်ကားဆေးဆိုင်ကြီးများဖြစ်သည့် ဦးကျားဗိုလ်၊ မြမြနှင့် ဒေါ်သိန်းညွှန့် ဆေးဆိုင်များတွင် စစ်ဆေးရာ နှလုံးအားဖြည့်ဆေး Hepalucky နှင့် လေဆေး Air-X တို့မှာ ယခင်က ရောင်းချခဲ့သော်လည်း ကုမ္ပဏီမှ မှာယူမရရှိသဖြင့် (၁) လခန့် ပြတ်လပ်နေကြောင်း သိရသည်။ Hepalucky နှလုံးအားဖြည့်ဆေး၏ ရောင်းဈေးမှာ တစ်ကပ်လျှင် ၆,၂၀၀ ကျပ် ဖြစ်ပြီး Air-X လေဆေးမှာ တစ်ကပ်လျှင် ၂,၆၀၀ ကျပ် ဖြင့် ရောင်းချခဲ့ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီမှ ဆေးဝါးအနည်းငယ် ပြန်လည်ရရှိလာသဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရသည်။
ထို့အပြင် ဓနုဖြူမြို့နယ် မြို့မဈေးကြီးအတွင်းရှိ မိဘမေတ္တာ၊ သိန်းကမ္ဘာ၊ ဦးတင်အေး၊ ရွှေတြဂံနှင့် စွမ်းထက် ဆေးဆိုင်များတွင်လည်း ကွင်းဆင်းစစ်ဆေးရာ Hepalucky နှလုံးအားဖြည့်ဆေးမှာ (၂) လခန့် ပြတ်လပ်နေသဖြင့် လက်ရှိရောင်းချနိုင်ခြင်း မရှိကြောင်း၊ Air-X လေဆေးကိုသာ ရောင်းချလျက်ရှိကြောင်း သိရသည်။ Air-X လေဆေးအား ကုမ္ပဏီခွဲမှ တိုက်ရိုက်မရရှိသဖြင့် ရန်ကုန်မြို့မှ ပြင်ပဈေးကွက်အတွင်း တစ်ကပ်လျှင် ၃,၅၀၀ ကျပ် ဖြင့် ဝယ်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း၊ ယခင်ရောင်းဈေးမှာ တစ်ကပ်လျှင် ၂,၅၀၀ ကျပ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ကွင်းဆင်းစစ်ဆေးစဉ် ဆေးဆိုင်များ၏ ဆေးဝါးဝယ်ယူရရှိမှု ဘောင်ချာများ၊ အရောင်းအဝယ်မှတ်တမ်းများနှင့် ဆေးဝါးရရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချဆောင်ရွက်ရေး၊ ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြရောင်းချရေးနှင့် ဆေးဝါးရရှိမှုပြတ်လပ်မှုအခြေအနေများကို သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
