
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၃.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူး ရုံး၌ ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်(၉)ဦး အား ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပေးအပ်ခြင်းနှင့် အွန်လိုင်းလုပ်ငန်းရှင်(၆)ဦးအားတွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရန်လိုအပ်ကြောင်း၊ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)သည် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကို သာရောင်းချရန်နှင့် ယခုပေးအပ်သော ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါပြီး ကုန်စည်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အကာအကွယ်ရရှိ ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ခွင့်ပြုချက်ရရှိပြီးသားအတိုင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြ၍ ဈေးကွက်တွင် ရောင်းချရန်လိုအပ်ကြောင်း၊ ဈေးကွက်တွင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ရန်အတွက် website နှင့် လိုအပ်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
