မြန်မာပြည်အထက်ပိုင်း၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းကို နှစ်စဉ်စိုက်ဧက သုံးသိန်းမှ လေးသိန်း ကြားစိုက်ပျိုး လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းသည် မြန်မာလူမျိုးတို့နှစ်သက်သည့် ဆန်အမျိုးအစား တစ်မျိုးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ အမှတ်အသားထုတ်ကုန်တစ်မျိုးဟုလည်း ဆိုနိုင်ပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစိုက်ဧက ၃.၅ သိန်းကျော် စိုက်ပျိုးကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ ၈၂တင်းကျော်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည့်အတွက် စုစုပေါင်းအထွက် တင်းပေါင်း သိန်း ၃၀၀နီးပါးခန့် ရှိမည်ဖြစ်ပါသည်။ ယခုနှစ်တွင် လိုအပ်သလောက်ဆည်ရေရရှိခဲ့ခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ ဖျက်ပိုးကျမှုမရှိသလောက်နည်းပါးခြင်းတို့ကြောင့် စပါးအထွက် နှုန်းနှင့် အရည်အသွေးကောင်းမွန်ကြောင်း ဒေသခံရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးသူများထံမှ သိရှိရပါသည်။ စိုက်ပျိုး ကာလတွင် သွင်းအားစုဈေးနှုန်းများမြင့်တက်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ် မှုစရိတ် အနည်းငယ် မြင့်မားခဲ့ သော်လည်း စ်ိုက်ပျိုးထုတ်လုပ်သူများအတွက် တစ်ဧကအကျိုးအမြတ် ကျပ်၁၀သိန်းခန့် ရရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံစပါးစိုက် လယ်သမားများအတွက် တွက်ချေအကိုက်ဆုံးသီးနှံ ဖြစ်ကြောင်း လယ်သမားများထံမှ သိရှိရပါသည်။
ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဒီဇင်ဘာလဒုတိယပတ်မှ စတင်၍ စပါးသစ်များ ရိတ်သိမ်းလျှက်ရှိရာ ဒီဇင်ဘာလကုန်တွင် ၄၀ရာခိုင်နှုန်းခန့်ရိတ်သိမ်းပြီးစီးနိုင်ကြောင်း၊ ဇန်နဝါရီ လကုန်တွင် ရာနှုန်းပြည့်ခန့်ရိပ်သိမ်းပြီးစီးနိုင်ကြောင်း သိရှိရပါသည်။ စပါးသစ်ဈေးနှုန်း အနေဖြင့် စပါးတင်းတစ်ရာလျှင် ၁၆သိန်းကျပ်ခန့် ဈေးဖြင့်လက်ရှိ အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သစ်ဈေးမှာ ၂၄ ပြည်တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း ရွှေဘို ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ယခင်နှစ် ရွှေဘို ပေါ်ဆန်း ပေါ်ဦးပေါ်ဖျားဈေးနှုန်းမှာ စပါးတင်းတစ်ရာလျှင် ၁၁သိန်းကျပ် ဝန်းကျင်ခန့်ဖြစ်သဖြင့် ယခုနှစ်ရွှေဘိုပေါ်ဆန်းစပါးသည် ပေါ်ဦးပေါ်ဖျားကာလ၌ပင် ဈေးကောင်းရနေသည်ဟုဆိုနိုင်ပါသည်။ လောလောဆယ်တွင် လှောင်လက်များအဝယ်နည်းနေသေးပြီး ကြိက်ခွဲရောင်းချကြမည့် ဒေသခံဆန်စက်ပိုင်ရှင်များက အဝယ်များနေကြောင်း စျေးကွက်မှ သိရှိရပါသည်။
ရွှေဘိုပေါ်ဆန်းဆန်သစ်ပေါ်ပြီဖြစ်သော်လည်း စပါးဟောင်းများသည်လည်း ဈေးကွက်တွင် အရောင်းသွက်လျှက်ရှိနေဆဲဖြစ်ရာ စပါးဟောင်းတင်းတစ်ရာလျှင် ၂၆သိန်းကျပ်နှင့် ဆန်ဟောင်း၂၄ပြည် တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံဒေသအနှံ့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)