
အင်ဒိုနီးရှားပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် အနီရောင်နှင့် အဖြူ ရောင် ငါးဖမ်းကျေးရွာများ (KNMP) အစီအစဉ်အောက်ရှိကျေးရွာများကို ဒေသအချင်းချင်း ငါးဖြန့်ဖြူးရေးကွန်ရက်၏ အဓိကအချက်အချာနေရာများအဖြစ်ဖော်ဆောင်ကာ ငါးဖမ်းလုပ်သား များအတွက် ဈေးကွက်ချဲ့ထွင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယ ဝန်ကြီး Didit Herdiawan Ashad က ယခုနှစ်အတွင်း နိုင်ငံတော်ဦးစားပေးအစီအစဉ်ဖြင့် ငါးဖမ်းကျေးရွာ ၁၂၆၉ ရွာကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသခံများ၊ အထူးသဖြင့် သွားလာရန်ခက်ခဲသည့်ဒေသများရှိ လူထု၏ထုတ်လုပ်မှုနှင့် လူမှုစီးပွားဘဝ မြှင့်တင် ရေးကိုရည်ရွယ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က ဂျကာတာမြို့၌ကျင်းပသည့် ဆင်းရဲ နွမ်းပါးသောအိမ်ရာရပ်ကွက်များ စီမံခန့်ခွဲရေးဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ KNMP ကျေးရွာများကို ဒေသတစ်ခုချင်းစီ၏အလားအလာနှင့် ငါးဖမ်းလုပ်သားအရေအတွက်အပေါ် မူတည်၍ဖော်ဆောင်မည်ဖြစ်ကြောင်း၎င်းကဆိုပါသည်။ငါးဖမ်းလုပ်သားအများအပြားရှိသည့်ကျေးရွာများကို အချက်အချာနေရာများအဖြစ်သတ်မှတ်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် နည်းပါးသည့်ကျေးရွာများက အဆိုပါအချက်အချာနေရာများသို့ ငါးနှင့် ငါးလုပ်ငန်းထွက်ကုန်များပံ့ပိုးပေးသည့်အထောက်အကူပြုဒေသများအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းစနစ်ဖြင့် ကမ်းရိုးတန်းဒေသခံများသည် မိမိတို့ဒေသတွင်း၌သာမက အခြားဒေသများသို့ပါ ငါးလုပ်ငန်းထွက်ကုန်များ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပို့ကုန်ဈေးကွက်များ အထိဝင်ရောက်နိုင်ရန် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း Ashad က ပြောကြားခဲ့ပါသည်။ KNMP အစီအစဉ်တွင် ထုတ်လုပ်မှုနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်လိုအပ်သည့် အခြေခံအဆောက် အအုံနှင့် အထောက်အကူပြုစက်ကိရိယာများဖြစ်သည့် ရေခဲစက်ရုံ၊ သိုလှောင်ရုံ၊ ငါးဖမ်းလုပ်သား များအတွက် လောင်စာဆီဆိုင်၊ လှေဆိုက်ကပ်ရန်နေရာ၊ လှေပြုပြင်ရေးစခန်းနှင့် ဈေးကွက်တင် ရောင်းရေးစင်တာများ ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအဆောက်အအုံများ သည် KNMP ကျေးရွာများမှထွက်ရှိသည့် ငါးနှင့် ငါးလုပ်ငန်းထွက်ကုန်များ၏ အရည်အသွေးနှင့် တန်ဖိုးမြှင့်တင်ရေးကိုလည်းအထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ထို့ပြင် KNMP ကျေးရွာများတွင်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြည့်ဆည်းနိုင်ရန် အနီရောင်နှင့် အဖြူ ရောင်ကျေးရွာသမဝါယမအသင်းများအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ဝန်ကြီးဌာန က ရည်ရွယ်ထားကြောင်း သိရပါသည်။ အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ငါးဖမ်းကျေးရွာ ၁၂၆၉ ရွာတွင် KNMP အစီအစဉ် အကောင်အထည်ဖော်ရန်ရည်မှန်းထားပြီး သမ္မတ Prabowo Subianto ၏ သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်အတွင်း ငါးဖမ်း ကျေးရွာ ၅၀၀၀ အထိဖော်ဆောင်ရန်ရည်မှန်းထားကြောင်း သိရပါသည်။ ဒေသတစ်ခုချင်းစီ၏ အခြေအနေနှင့် အလားအလာများအလိုက် KNMP အစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း Ashad ကပြောကြားခဲ့ပါသည်။ ယင်းအစီအစဉ်သည် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ခြင်းမဟုတ်ကြောင်း ၎င်းကဆိုပါသည်။ထို့ကြောင့် အစီအစဉ်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်ထိရောက်သည့်စီမံခန့်ခွဲမှု၊ဈေးကွက်ဝင်ရောက်နိုင်ရေးဆောင်ရွက်မှု၊ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ နှင့် ဗဟိုအစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုတို့လိုအပ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
