
ကမ္ဘောဒီးယားနိုင်ငံ၏ စက်မှုကဏ္ဍ ဆက်လက်တိုးချဲ့လာပြီး မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၂၈ ဘီလီယံကျော်အထိ ရှိလာကြောင်း စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန (MISTI) ၏ အချက်အလက်များအရ သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဖနွမ်းပင်မြို့နှင့် ပြည်နယ် ၂၄ ခုတွင် စက်ရုံပေါင်း ၃,၃၅၇ ရုံ မှတ်ပုံတင်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၂၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ၂၈.၈၂ ရာခိုင်နှုန်းသို့မဟုတ် ဒေါ်လာ ၆ ဘီလီယံကျော် မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘောဒီးယား၏ ထုတ်လုပ်မှုကဏ္ဍ၌ အလုပ်သမား ၁.၃၆ သန်းခန့် အလုပ်လုပ်ကိုင်နေပြီး အမျိုးသမီးလုပ်သားများမှာ ၇၀.၁၅ ရာခိုင်နှုန်း သို့မဟုတ် ၉၅၀,၀၀၀ ကျော် ပါဝင်သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား၏ ထုတ်လုပ်မှုကဏ္ဍကို တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာပိုမိုခေတ်မီလာစေရေး ဦးတည်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရန်၊ လုပ်ငန်းလည်ပတ်စရိတ် လျှော့ချရန်၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန်နှင့် ပြည်တွင်းလုပ်ငန်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရန် နည်းပညာအသစ်များကို ထိရောက်စွာအသုံးချရန် လိုအပ်ကြောင်း Hem Vanndy က ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် စည်းမျဉ်းစည်းကမ်းများ ရိုးရှင်းစေရေးနှင့် အစိုးရဝန်ဆောင်မှုများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရေးတို့ကိုလည်း ဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား GDP တွင် စက်မှုကဏ္ဍ၏ ပါဝင်မှုသည် ၁၉၉၃ ခုနှစ်တွင် ၁၂.၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၃.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ဝန်ကြီးချုပ် Hun Manet ကလည်း ကမ္ဘောဒီးယား၏ စက်မှုကဏ္ဍဆက်လက်တိုးတက်လာခြင်းမှာ အစိုးရ၏သင့်လျော်သောစီးပွားရေးမူဝါဒများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်ကမ္ဘောဒီးယားအစိုးရသည် စက်မှုကဏ္ဍ ပိုမိုခိုင်မာလာစေရန်၊ အရည်အသွေးကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးနိုင်ရန်နှင့် ဒေသတွင်း၊ ကမ္ဘာ့ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်အတွက် စက်မှုလုပ်ငန်းကဏ္ဍ ကွဲပြားစေရေးနှင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
