
အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်ကုန်များကို ကမ္ဘောဒီးယားစားသုံးသူများထံ ပိုမိုမိတ်ဆက်ပေးရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုပိုမိုခိုင်မာလာစေရန် ရည်ရွယ်သည့် နှစ်စဉ် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲ “Sousdey Indonesia 2026” ကို ၁၉-၉-၂၀၂၆ ရက်နေ့က ဖနွမ်းပင်မြို့တွင် စတင်ကျင်းပခဲ့သည်။ နှစ်ရက်ကြာကျင်းပခဲ့သည့် အဆိုပါပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Kem Sithan နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး ယာယီတာဝန်ခံ Krishnajie Partadireja တို့က Diamond Island Convention and Exhibition Centre တွင် ပူးတွဲဖွင့်လှစ်ခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ ဖနွမ်းပင်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၊ သံအမတ်များ၊ စီးပွားရေးပညာရှင်များနှင့် ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ Sousdey Indonesia သည် ကမ္ဘောဒီးယားနိုင်ငံတွင် အကြီးမားဆုံး အင်ဒိုနီးရှားထုတ်ကုန် ကုန်စည်ပြပွဲဖြစ်ပြီး ယခုနှစ်တွင် အင်ဒိုနီးရှားမှ အသစ်ရောက်ရှိလာသည့် ထုတ်ကုန်များအပါအဝင် ထုတ်ကုန်မျိုးစုံကို ကမ္ဘောဒီးယားဈေးကွက်တွင် ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် အလေးထားဆောင်ရွက်ထားသည်။ ယခုနှစ် ပြပွဲတွင် ပါဝင်သည့် ပြသသူ ၃၁ ဦးအနက် ၂၈ ဦးမှာ အင်ဒိုနီးရှားထုတ်ကုန်များ၏ ကမ္ဘောဒီးယားနိုင်ငံတွင်း ဖြန့်ချီရောင်းချသူများဖြစ်ကြပြီး အစားအသောက်နှင့် အဖျော်ယမကာ၊ ဆေးဝါး၊ အလှကုန်ပစ္စည်း၊ ဟိုတယ်သုံး ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် ဖက်ရှင်ပစ္စည်းများကို ပြသရောင်းချလျက်ရှိသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း (B2B) ချိတ်ဆက်ဆွေးနွေးမှုများအပြင် အင်ဒိုနီးရှားရိုးရာအနုပညာဖျော်ဖြေပွဲများ၊ Batik ဝတ်စုံဒီဇိုင်းနှင့် ဝတ်ဆင်မှုပြိုင်ပွဲများ၊ ဖနွမ်းပင် နှင့် Sihanoukville ရှိ အင်ဒိုနီးရှားစားသောက်ဆိုင်များမှ ရိုးရာ Nusantara အစားအစာများကိုလည်း ပါဝင်ပြသထားသည်။ Krishnajie က “Sousdey Indonesia 2026” သည် အင်ဒိုနီးရှား ထုတ်ကုန်များ၊ အမှတ်တံဆိပ်များနှင့် အရည်အသွေးများကို ကမ္ဘောဒီးယားဈေးကွက်အတွင်း ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား ထုတ်ကုန်များစွာသည် ကမ္ဘောဒီးယားဈေးကွက်တွင် လူကြိုက်များနေပြီ ဖြစ်သော်လည်း ကမ္ဘောဒီးယားစားသုံးသူများအကြား မသိရှိသေးသည့် အရည်အသွေးမြင့် အင်ဒိုနီးရှား အမှတ်တံဆိပ်များလည်း ရှိနေသေးကြောင်း Krishnajie က ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံခြင်း၊ အတွေးအမြင်များ ဖလှယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းလမ်းများရှာဖွေခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးချဲ့နိုင်ရေး ဆက်လက်အာရုံစိုက်ဆောင်ရွက်ရန်လည်း Sithan က တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
