Main menu

ဂိုင်ယာနာနှင့် ဆူရီနမ်နိုင်ငံတို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ upstream ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေသည့်အင်ဒိုနီးရှား

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PT Pertamina သည် စွမ်းအင်ထောက်ပံ့မှုရင်းမြစ် များကွဲပြားစေရန်နှင့် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးခိုင်မာစေရန်ရည်ရွယ်၍ တောင်အမေရိကတိုက်ရှိ ဂိုင်ယာနာနှင့် ဆူရီနမ်နိုင်ငံတို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ upstream ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများ စူးစမ်းလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကနှင့် ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ် Grata  Endah Werdaningtyas က စက်တင်ဘာလ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် Pertamina သည် ဂိုင်ယာနာနှင့် ဆူရီနမ်တို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ upstream ကဏ္ဍများ၌ ရှာဖွေရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် ကနဦးဆွေးနွေးမှုများ စတင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တောင်အမေရိကတိုက် မြောက်ပိုင်းကမ်းရိုးတန်းအလွန်ရှိ ပင်လယ်ပြင်ရေနံ သိုက်များသည် ကမ္ဘာ့ရေနံဈေးကွက်တွင်အရေးပါလာနေပြီး ဒေသတွင်းရေနံထုတ်လုပ်မှုသည် ၂၀၂၈ ခုနှစ်တွင် တစ်ရက်လျှင် စည် ၂၀၀,၀၀၀ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ လက်တင်အမေရိကဒေသရှိ ရေနံမြေများတွင် ရှယ်ယာပိုင်ဆိုင်ခွင့်ရယူခြင်းဖြင့် အင်ဒိုနီးရှားအနေဖြင့် ရေနံကို ရင်းမြစ်တစ်ခုတည်းအပေါ်မှီခိုနေရမှု လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထောက်ပံ့ရေးအန္တရာယ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း Grata ကဆိုပါသည်။ အထူးသဖြင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများကြောင့် ဟော်မုဇ်ရေလက်ကြားတွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေ၌ ရေနံရင်းမြစ်များတွင်ရင်းနှီးမြှုပ်နှံထားခြင်းက ထိုဒေသမှ စွမ်းအင်ထောက်ပံ့မှုများကို ပိုမိုလုံခြုံစေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသသို့ စီးပွားရေးအရပိုမိုတိုးချဲ့ဆောင်ရွက်ရန် အင်ဒိုနီးရှားအစိုးရ၏မူဝါဒတစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် လက်တင်အမေရိက၊ ကာရစ်ဘီယံဒေသတို့အကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၆.၁ ဘီလီယံရှိခဲ့ပြီး အင်ဒိုနီးရှား၏ ပို့ကုန် အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ပါဝင်ခဲ့ကြောင်း သိရပါသည်။ သို့သော် ယင်းပမာဏမှာ အင်ဒိုနီးရှား၏ ကမ္ဘာတစ်ဝန်းစုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၃ ရာခိုင်နှုန်းသာရှိကြောင်း သိရပါသည်။ အဆိုပါဒေသနှင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုတိုးမြှင့်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်ဒိုနီးရှား-လက်တင်အမေရိကနှင့် ကာရစ်ဘီယံ (INA-LAC) နှစ်ပတ်လည် စီးပွားရေးမစ်ရှင်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ချီလီနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Antara News                                                                             

DOCA (ရန်ကုန်)