
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပါသောသတ္တု (Critical Minerals) ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသရှိ နိုင်ငံများနှင့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးများထူထောင်ရေးကို တက်ကြွစွာ ဆောင်ရွက်နေကြောင်း သိရပါသည်။ ဂျကာတာမြို့၌ စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်နှင့် ဥရောပရေးရာ ညွှန်ကြား ရေးမှူးချုပ် Grata Endah Werdaningtyas က အင်ဒိုနီးရှားနှင့် လက်တင်အမေရိက၊ ကာရေဘီယံဒေသတို့သည် သဘာဝသယံဇာတအရင်းအမြစ်များ အဓိကထုတ်လုပ်တင်ပို့သည့် ဒေသများဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် ကမ္ဘာ့သတ္တုတူးဖော်ရေးထွက်ကုန် များ၏ ၄၀ ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေပြီး ကမ္ဘာ့လစ်သီယမ်ထုတ်လုပ်မှု၏ ၃၅ ရာခိုင်နှုန်း ကိုလည်းပံ့ပိုးပေးနေကြောင်း ၎င်းကဆိုပါသည်။ ထို့ပြင် ကမ္ဘာ့နီအိုဘီယမ် (Niobium) ထုတ်လုပ် မှု၏ ၉၀ ရာခိုင်နှုန်းကို အဆိုပါဒေသကထုတ်လုပ်နေပြီး ဘရာဇီးနိုင်ငံက အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ နီအိုဘီယမ်ကို သံမဏိခိုင်ခံ့စေရန်နှင့် စူပါကွန်ဒတ်တာများ ထုတ်လုပ်ရာတွင်အသုံးပြုကြောင်း သိရပါသည်။ နီကယ်နှင့် ဘော့ဆိုက်ထုတ်လုပ်မှုတွင် ကမ္ဘာ့ အဆင့်မီအင်ဒိုနီးရှားအနေဖြင့် ဘရာဇီးနှင့် ချီလီကဲ့သို့ သတ္တုသယံဇာတကြွယ်ဝသည့် နိုင်ငံများနှင့် ပူးပေါင်းခြင်းဖြင့် အရေးပါသောသတ္တုများ၏ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် သဘာဝသယံ ဇာတများပေါများသော်လည်း ယခင်ကကုန်ကြမ်းများကိုသာတင်ပို့ခဲ့ရပြီး တန်ဖိုးမြင့်ထုတ်လုပ် ရေးနှင့် နည်းပညာပိုင်းဆိုင်ရာအဆင့်များကို ဖွံ့ဖြိုးပြီးနိုင်ငံများက အဓိကထိန်းချုပ်ခဲ့ကြောင်း Grata က ပြောကြားသည်။ ထို့ကြောင့် အင်ဒိုနီးရှားအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ ကိုယ်ပိုင်ထောက်ပံ့ရေးကွင်းဆက်များဖော်ဆောင်ပြီး အနာဂတ်စက်မှုလုပ်ငန်းများတွင် မိမိတို့၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကိုမြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် သတ္တုကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ အလယ်အလတ်အဆင့်ထုတ်လုပ်ရေးကဏ္ဍ (midstream) တွင် ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ သတ္တု တူးဖော်ရေးနှင့် သန့်ရှင်းစွမ်းအင်နည်းပညာများဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းမဟာဗျူဟာကို အကောင်အထည်ဖော်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်ဒိုနီးရှား-လက်တင်အမေရိကနှင့် ကာရေဘီယံ (INA-LAC) စီးပွားရေးမစ်ရှင်ကို ချီလီနိုင်ငံဆန်တီယာဂိုမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအစီအစဉ်တွင် စွမ်းအင်နှင့် သတ္တု တူးဖော်ရေးဆိုင်ရာ စီးပွားရေးဖိုရမ်တစ်ရပ်ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား ကုမ္ပဏီများက ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများကို တင်ပြနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)
