Main menu

၂၀၂၇ ဇွန်လအထိ ဆန်ဖူလုံမှုရှိသည့် အင်ဒိုနီးရှား

Powered by Drupal

        အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်သည့်မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နိုင်သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ရရှိနိုင်မှုသည် ၂၀၂၇ ခုနှစ် ဇွန်လအထိ လုံလောက်စွာရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးနှင့် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) အကြီးအကဲ Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့၌ စက်တင်ဘာလ ၁၅ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Amran က ကမ္ဘာ့စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေအကျပ်အတည်းများအပါအဝင် ပြင်ပအနှောင့်အယှက်များရှိနေသော်လည်း အင်ဒိုနီးရှား၏စားနပ်ရိက္ခာအထူးသဖြင့် ဆန်ရရှိမှုမှာ လုံခြုံနေကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ Prabowo Subianto ၏ လမ်းညွှန်မှု ဖြင့် အစိုးရက နိုင်ငံအတွင်းဆန်ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် စိုက်ပျိုးရေးအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်နေကြောင်း သိရပါသည်။
        ယင်းလုပ်ငန်းများတွင် ဆည်မြောင်းစနစ်များ၊ ရေထိန်းကန်များနှင့် ရေစုပ်စက်အသုံးပြုသည့် ဆည်မြောင်းစနစ်များတည်ဆောက်ခြင်း၊ စပါးခင်းများနှင့် ရွှံ့မြေများကို ထိရောက်စွာ အသုံးချခြင်း၊ စပါးစိုက်ဧရိယာသစ်များ ဖော်ထုတ်ခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ လက်ရှိရိတ်သိမ်းရန် အသင့်ဖြစ်နေသည့်စပါးခင်းများမှ ဆန်ထုတ်လုပ်နိုင်မှုသည် စိုက်ပျိုးဧရိယာ ဟက်တာ ၃.၈ သန်းမှ ဆန်တန်ချိန် ၁၀ သန်းခန့်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထို့ပြင် စားနပ် ရိက္ခာဈေးနှုန်းတည်ငြိမ်ရေးအတွက် အစိုးရကသိုလှောင်ထားပြီး နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ Bulog က စီမံခန့်ခွဲသည့် အစိုးရဆန်အရန်လက်ကျန် (CBP) မှာ ဆန်တန်ချိန် ၅ သန်းခန့် ရှိကြောင်း သိရပါသည်။ ယင်းအရ လက်ရှိအမျိုးသားအဆင့်ဆန်ရရှိနိုင်မှုမှာ တန်ချိန် ၂၅ သန်းမှ ၂၆ သန်းခန့်ရှိကြောင်း သိရပါသည်။ ပြည်သူများ၏ဆန်စားသုံးမှုမှာ တစ်လလျှင် ဆန်တန်ချိန် ၂.၅ သန်းမှ ၂.၆ သန်းခန့်ရှိသဖြင့် လက်ရှိဆန်လက်ကျန်သည် လာမည့်လများအတွက် လုံလောက်ကြောင်း Amran က ပြောကြားခဲ့ပါသည်။ ပြည်တွင်းဆန်ထုတ်လုပ်မှု၊ အစိုးရဆန်အရန် လက်ကျန်နှင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်တို့ကိုထည့်သွင်းတွက်ချက်ပါက အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ရရှိနိုင်မှုသည် ၂၀၂၇ ခုနှစ် ဇွန်လအထိ လုံခြုံမှုရှိမည်ဟု ၎င်းကခန့်မှန်းခဲ့ပါသည်။ ပြည်တွင်းစားသုံးမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်သည့်အပြင် အင်ဒိုနီးရှားနိုင်ငံသည် မလေးရှားနိုင်ငံ သို့ဆန်တင်ပို့ခဲ့ပြီး ပါလက်စတိုင်းနိုင်ငံသို့လည်း ဆန်တန်ချိန် ၁၀,၀၀၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ယင်းအောင်မြင်မှုသည် အင်ဒိုနီးရှားနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင် တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးကို ထိန်းသိမ်းနိုင်သည့်အပြင် အခြားနိုင်ငံများ၏ စားနပ်ရိက္ခာလိုအပ်ချက်များကိုပါ ဖြည့်ဆည်းကူညီနိုင်ခဲ့ကြောင်း Amran က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)