
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းအခြေစိုက်ရင်းနှီးမြှုပ်နှံသူများက အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ် Jepara ခရိုင်တွင် ရေနံစိမ်းချက်လုပ်ရန် ရေနံချက်စက်ရုံငယ်တစ်ရုံ တည်ဆောက်ရေးအတွက် အင်ဒိုနီးရှားရူပီး ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၈၃ သန်း) ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူး Ahmad Luthfi က ပြောကြားခဲ့ပါသည်။ ဒူဘိုင်းရင်းနှီးမြှုပ်နှံသူများသည် Jepara ဒေသတွင် ရေနံချက်စက်ရုံငယ်တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေပြီး ပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု စတင်အကောင်အထည်ဖော်နိုင်မည်ဟု အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၁၆ ရက်နေ့တွင် Semarag မြို့၌ ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏တင်ပြချက်အရ အဆိုပါရေနံချက်စက်ရုံငယ်သည် ရေနံစိမ်းကိုချက်လုပ်နိုင်မည်ဖြစ်ပြီး စတင်လည်ပတ်ချိန်တွင် တစ်ရက်လျှင် ရေနံစည် ၁၀,၀၀၀ ချက်လုပ်နိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင်တစ်ရက်လျှင် ရေနံစည် ၃၀,၀၀၀ အထိတိုးမြှင့် နိုင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို ယခုနှစ်မကုန်မီ စတင်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းသည် အလယ်ပိုင်းဂျာဗားဒေသ၏ စွမ်းအင်ထောက်ပံ့မှုကို ပိုမိုခိုင်မာစေမည်ဟု အုပ်ချုပ်ရေးမှူး Luthfi က မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားတွင် ရေနံချက်စက်ရုံငယ်များ လုံလောက်မှုမရှိသေးသော်လည်း ယင်းကဏ္ဍ၌ အလားအလာများစွာရှိကြောင်း ဒူဘိုင်းရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ် Talal Ourfali က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအထူးသဖြင့် အလယ်ပိုင်းဂျာဗားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအလားအလာ များကိုလေ့လာသုံးသပ်ပြီးနောက် ယင်းစီမံကိန်းကိုအကောင်အထည်ဖော်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုပါသည်။ UAE သည် အလယ်ပိုင်းဂျာဗားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုရင်းမြစ်နိုင်ငံများ အနက်တစ်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း UAE အခြေစိုက်ရင်းနှီးမြှုပ်နှံသူများ၏ ပြည်နယ် အတွင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၅.၅ သန်း) ရှိခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့စီးပွားရေးမရေရာမှုများရှိနေသော်လည်း အလယ်ပိုင်း ဂျာဗားသည် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိသည့်ဒေသတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေကြောင်း Luthfi က ပြောကြားခဲ့ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူး Luthfi သည် ပိုလန်နိုင်ငံ Gdansk မြို့ရှိ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Miroslaw Wawrowski နှင့်လည်းတွေ့ဆုံခဲ့ပြီး အလယ်ပိုင်းဂျာဗား၊ အင်ဒိုနီးရှားနှင့် ပိုလန်နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သံတမန်ဆက်ဆံရေးတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ယင်းတွေ့ဆုံမှုတွင် ပိုလန်နိုင်ငံ Dolina Charlotty ၌ “အင်ဒိုနီးရှားငယ်” (Little Indonesia) ဖော်ဆောင်ရေးအစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အဆိုပါနေရာတွင် ဘာလီယဉ်ကျေးမှုအဆောက်အအုံ တည်ဆောက်ပြီးဖြစ်ပြီး ဂျာဗားယဉ်ကျေးမှုအဆောက်အအုံကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
