
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနသည် ဗြိတိန်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာစေရန် လန်ဒန်မြို့သို့သွားရောက်၍ အင်ဒိုနီးရှား-ဗြိတိန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Indonesia-UK CEPA) နှင့် ပစိဖိတ်ဖြတ်ကျော် ဘက်စုံ နှင့် တိုးတက်သောပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CPTPP) ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုဌာန ညွှန်ကြားရေးမှူးချုပ် Johni Martha ဦးဆောင်သည့် အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ လန်ဒန်မြို့၌ ဗြိတိန်အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့များကို တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် Indonesia-UK CEPA အကောင်အထည်ဖော်နိုင်ရေး မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန်ဆွေးနွေးခဲ့သကဲ့သို့ အင်ဒိုနီးရှားက CPTPP အဖွဲ့ဝင် ဖြစ်လာရေးကြိုးပမ်းမှုအပေါ် ဗြိတိန်နိုင်ငံ၏ထောက်ခံမှုကိုလည်းကျေးဇူးတင်ကြောင်း Martha က ပြောကြားခဲ့ပါသည်။ Indonesia-UK CEPA အကောင်အထည်ဖော်နိုင်ပါက ဈေးကွက်ဝင်ရောက် ခွင့်တိုးချဲ့ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များခိုင်မာစေခြင်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးများဖြေရှင်းခြင်းနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေခြင်းတို့မှတစ်ဆင့် နှစ်နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်မည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဗြိတိန်၏ဖွံ့ဖြိုးဆဲ နိုင်ငံများကုန်သွယ်ရေးအစီအစဉ် (DCTS) မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထွက်ခွာရမည် ဖြစ်သဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် ပိုမိုအရေးကြီးလာကြောင်း Martha က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဗြိတိန်မှ တင်ပို့သည့်ကုန်ပစ္စည်းအများစုအပေါ် အများဆုံးအခွင့်အရေးရှိသောနိုင်ငံများ (MFN) အတွက် သတ်မှတ်ထားသည့် အခွန်နှုန်းထား ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိကြောင်း သိရ ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံ ရှိရာမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၆၆ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ထို့ပြင် စက်တင်ဘာ ၈ ရက်တွင် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက ဗြိတိန်ကုမ္ပဏီများနှင့် သုတေသနအဖွဲ့များမှ ကိုယ်စားလှယ် ၂၀ ဦးကို တွေ့ဆုံ၍ Indonesia-UK CEPA ဖော်ဆောင်ရေးအတွက် စီးပွားရေးကဏ္ဍ၏အမြင်များကို ရယူခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏အကြံပြုချက်များသည် သဘောတူညီချက်အမြန်ဆုံးဖော်ဆောင်နိုင်ရေးအတွက် အရေးပါကြောင်း Martha က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့သည် လန်ဒန် ခရီးစဉ်အတွင်း အပြည်ပြည်ဆိုင်ရာကော်ဖီအဖွဲ့ (ICO) သို့လည်း သွားရောက်ခဲ့ပြီး ကော်ဖီစိုက် တောင်သူအများစုဖြစ်သည့် အသေးစားတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့် ရိုဘတ်စတာကော်ဖီအသိအမှတ်ပြုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စိုက်ပျိုးရေးနှင့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်း (EUDR) တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ကော်ဖီစိုက်တောင်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ရေးတွင် ICO ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ ကော်ဖီအဓိကထုတ်လုပ်သည့်နိုင်ငံများအနေဖြင့်လည်း တရားမျှတပြီး ပိုမိုပါဝင်ခွင့်ရှိသော ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများ ဖော်ဆောင်ရေးတွင် တက်ကြွစွာပါဝင်ရန်လိုအပ်ကြောင်း Martha က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
