Main menu

ထိုင်းနိုင်ငံ၏ ဘတ် ၆၅ ဘီလီယံတန် ကော်ဖီဈေးကွက် ရေရှည်တည်တံ့ရေးဘက်သို့ ဦးတည်လာ

Powered by Drupal

         ထိုင်းနိုင်ငံ၏ ဘတ် ၆၅ ဘီလီယံတန် ကော်ဖီဈေးကွက်သည် ကော်ဖီဖျော်ရည် ရောင်းဝယ်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်ခြင်းမရှိတော့ဘဲ စားသုံးသူများက အရည်အသွေး၊ သောက်သုံးရသည့် အတွေ့အကြုံနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး တို့ကို ပိုမိုအလေးထားလာခြင်းနှင့်အတူ ပြောင်းလဲလာနေသည်။

       ယင်းပြောင်းလဲမှုသည် ၂၀၂၅ ခုနှစ်အတွင်း ကော်ဖီဈေးကွက် တိုးတက်လာမှုနှင့် Specialty Coffee ဈေးကွက် တိုးချဲ့လာမှုတို့တွင် ထင်ဟပ်နေသည်။ ထို့အပြင် လုပ်ငန်းများအနေဖြင့်လည်း ကုန်ပစ္စည်းထုတ်လုပ်မှုမှ စားသုံးသူလက်ထဲရောက်ရှိသည်အထိ ကုန်စည်စီးဆင်းမှုကွင်းဆက်တစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန် ပိုမိုအာရုံစိုက်လာကြကြောင်း သိရသည်။

    ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (Department of Business Development) ၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ကော်ဖီဈေးကွက်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ခန့်မှန်းခြေ ဘတ် ၆၅ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၈.၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းသည် ကော်ဖီသုံးစွဲမှု ဆက်လက်မြင့်တက်နေမှုနှင့်လည်း ကိုက်ညီကြောင်း သိရသည်။

          Specialty Coffee Association of Thailand ၏ ခန့်မှန်းချက်အရ Specialty Coffee ဈေးကွက်တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် ၃၀ ဘီလီယံ ရှိပြီး ထိုင်းနိုင်ငံ၏ ကော်ဖီဈေးကွက်တစ်ခုလုံး၏ ၄၆ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ယင်းဈေးကွက်သည် နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်နေသည်။ အဆိုပါအချက်အလက်များအရ ကော်ဖီသည် နေ့စဉ်သောက်သုံးသည့် အဖျော်ယမကာတစ်မျိုးအဖြစ်မှ အရည်အသွေး၊ ထွက်ရှိရာဒေသနှင့် သောက်သုံးရသည့် အတွေ့အကြုံ တို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲလာနေကြောင်း သိရသည်။

     ဈေးကွက်တိုးတက်လာသည်နှင့်အမျှ ကော်ဖီလုပ်ငန်းအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ်မှာ ရေရှည်တည်တံ့ရေးဖြစ်လာသည်။ အထူးသဖြင့် ကော်ဖီသုံးစွဲမှုမှ ထွက်ပေါ်လာသည့် ခွက်များ၊ ထုပ်ပိုးပစ္စည်းများနှင့် အခြားအကြွင်းအကျန်ပစ္စည်းများကြောင့် စွန့်ပစ်ပစ္စည်းပမာဏများပြားလာခြင်းဖြစ်သည်။ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများ နှစ်ဖက်စလုံး ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                    

DOCA (ရန်ကုန်)