Main menu

ဂျပန်နှင့် အာဆီယံ ကုန်သွယ်ရေးဝန်ကြီးများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး ဆွေးနွေး

Powered by Drupal

          ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာ လ ၂၀ ရက်နေ့တွင် ကျင်းပသည့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေး၌ သဘောတူ ညီခဲ့ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားသည်။

        အဆိုပါသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရာတွင် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်နိုင်ခြေများနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာမှုတို့ကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။ မနီလာမြို့၌ ကျင်းပသည့် အစည်းအဝေးတွင် နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင်ထောက်ပံ့မှုများအပေါ် သက်ရောက်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရေနံထောက်ပံ့မှုများ သေချာစေရန် ဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂျပန်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ရေနံအရန်သိုလှောင်ထားရှိရေးကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

       ကမ္ဘာ့မရေရာမှုများ ပိုမိုမြင့်တက်လာနေချိန်တွင် “စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ရန် အာဆီယံနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်ရမည့် အချိန်ကာလဖြစ်သည်” ဟု ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ryosei Akazawa က အစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

       ဂျပန်နှင့် အာဆီယံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ၂၀၀၈ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ထို့နောက် နှစ်ဖက်သည် ၂၀၁၉ ခုနှစ်တွင် ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ခဲ့ကြသည်။ လက်ရှိကာလတွင် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးပါလာကြောင်း ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ် ရေးဝန်ကြီး Maria Cristina Roque က ပြောကြားခဲ့သည်။

           ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နှင့် ဂျပန်ဝန်ကြီးချုပ် Sanae Takaichi တို့သည် ၂၀၂၆ ခုနှစ် မေလတွင် သဘောတူညီချက်ကို ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်သည့် ပြင်ဆင်မှုများကို စဉ်းစားသုံးသပ်သွားရန် သဘောတူခဲ့ကြောင်း သိရှိရပါသည်။

Source : BangKok Post                                                                          

DOCA (ရန်ကုန်)