
ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Kazakhstan (ကာဇက်စတန်)နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် စေရေးအတွက် ကာဇက်စတန်အခြေစိုက် ပုဂ္ဂလိကခရီးသွားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak သည် ကာဇက်စတန် နိုင်ငံ Shymkent (ရှင်မ်ကင့်)မြို့အခြေစိုက် Selfie Travel ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Kursad Bakir နှင့် ဒုတိယမန်နေဂျင်းဒါရိုက်တာ Firat Cetin တို့ကို ၆-၁၀-၂၀၂၆ ရက်နေ့က ဖနွမ်းပင်မြို့ရှိ ဝန်ကြီးဌာနရုံးချုပ်တွင်တွေ့ဆုံကာ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။ Huot Hak ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ နှစ်နိုင်ငံလေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများနှင့် ခရီးသွားအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကာဇက်စတန်နိုင်ငံမှ ကမ္ဘောဒီးယားသို့ ခရီးသွားဧည့်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ခရီးသွားဧည့်သည်များ၊ အခြားခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုလာရောက်နိုင်ရေးအတွက် ရာသီအလိုက် လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို တိုးမြှင့်ရန် ဝန်ကြီး Huot Hak က တိုက်တွန်းခဲ့သည်။ ကာဇက်စတန် လေကြောင်းလိုင်း SCAT Airlines သည် ၂၀၂၄ ခုနှစ်တွင် ကာဇက်စတန်၏ အကြီးဆုံးမြို့ Almaty (အယ်လ်မာတီ)နှင့် Astana (အက်စတာနာ)မြို့တို့မှ ကမ္ဘောဒီးယားသို့ တိုက်ရိုက် စင်းလုံးငှား လေကြောင်းခရီးစဉ်များ ပြေးဆွဲမည်ဟု ကြေညာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း ကာဇက်စတန်နိုင်ငံမှ ခရီးသွားဧည့်သည် ၅,၀၀၀ ခန့် လာရောက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
